News

POST TYPE

LATEST NEWS POST

ချဲလ်ဆီးအသင်းနောက်ခံလူ ဇူးမားကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူနိုင်မည်ဟု စပါးအသင်းမျှော်လင့်
10-Jul-2020


လန်ဒန်၊ ဇူလိုင် ၉

စပါးအသင်းသည် ချဲလ်ဆီးနောက်ခံလူ ဇူးမားကိုခေါ်ယူနိုင်ရန်အတွက် အရှိန်မြှင့်ကြိုးပမ်းနေပြီး ပေါင် ၂၅ သန်းဖြင့်ခေါ်ယူ နိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း Daily Express ကဖော်ပြခဲ့သည်။ 

ပြင်သစ်နောက်ခံလူသည် ချဲလ်ဆီးအသင်း၏နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းပြသနိုင်သော်လည်း နည်းပြလမ်းပတ်သည်  အပြောင်းအရွှေ့ဈေးကွက်အတွင်း ဗဟိုနောက်ခံလူသစ်တစ်ဦး ရှာဖွေနေခြင်းကြောင့် အနာဂတ်မရေမရာဖြစ်နေသည်။ 

လမ်းပတ်သည် ချဲလ်ဆီးအယ်ဒမီထွက်ဖြစ်သည့် ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ပြန်လည်ခေါ်ယူပြီး  အသင်း၏ဗဟိုခံစစ်တွင် သုံးစွဲသွားရန်ရှိနေသည်။ 



မော်ရင်ညို ချဲလ်ဆီးနည်းပြအဖြစ်ရှိစဉ် ၂၀၁၄ ခုနှစ်၌ ဇူးမားကိုအသင်းအတွက် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း စပါးနည်းပြသည် ၎င်းနှင့်ပြန်လည်လက်တွဲရန် စီစဉ်နေခြင်းဖြစ်သည်။ 

ဇူးမားသည် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် အဲဗာတန်၌အငှားကစားသမားဘဝဖြင့်ဖြတ်သန်းခဲ့ပြီး လက်ရှိတွင်၎င်းကို အဲဗာတန်အသင်းကပါပစ်မှတ်ထားလျက် ရှိသည်။ 

အပြောင်းအရွှေ့ဈေးကွက်နှင့်ပတ်သက်၍ စပါးနည်းပြမော်ရင်ညိုက “ဈေးကွက်နဲ့ပတ်သက်လို့ ကျွန်တော်မသိပါဘူး။ ပထမဆုံးဈေးကွက်ကိုတော့ ကျွန်တော်မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒုတိယတစ်ကြိမ်ကတော့ အသစ်တစ်ခုဖြစ်ပါလိမ့်မယ်။ ဈေးကွက် ပေါက်ကွဲအားနဲ့ပတ်သက်လို့တော့ အများစုအတွက် မေးခွန်းထုတ်စရာအဖြစ် ရှိနေပါတယ်။ ကလပ်အသင်းတိုင်းအတွက်တော့ ပုံမှန်အခြေအနေအတိုင်း ဖြစ်ဖို့ရှိနေပါတယ်။ သမာရိုးကျအရာတွေသာ ဖြစ်လာမယ်လို့ မြင်နေပါတယ်”ဟု ပြောဆိုထားသည်။

ငြိမ်းပြည့်