News

POST TYPE

LATEST NEWS POST

ဦးသန်းရွှေနှင့် တပ်မတော်အရာရှိဟောင်းအချို့၏ ယတြာချေ ရုပ်ပွားတော်များ သာသနာရေးဖယ်ရှား
07-Jul-2020
ရန်ကုန်၊ ဇူလိုင် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပျဉ်းမနားမြို့အတွင်းရှိ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမိသားစုအပါအဝင် တပ်မတော်အရာရှိဟောင်းများ၏ အသိုင်းအဝိုင်း၏ ယတြာချေ ထုလုပ်ထားသည့် ရုပ်ပွားတော်များကို ကြည်ညိုဖွယ်မဆောင်သည့် ရုပ်ပွားတော်များဖြစ်သည်ဟုဆိုကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖယ်ရှားလိုက်ကြောင်း ယင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃ နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝံတောင်ဘုရားပရိဝုဏ်အတွင်းရှိ အဆိုပါ ရုပ်ပွားတော်များသည် ကြည်ညိုဖွယ်မဆောင်သော သွင်ပြင်လက္ခဏာများ ဖြစ်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စိန္တာမုနိကျောင်းဆရာတော်ဦးစန္ဒိမာသာရသည် စိန္တာမုနိမင်းဝံတောင်ဘုရားပရိဝုဏ်အတွင်းရှိ ဓာတ်တော် စေတီတော်ပတ်လည်တွင် ဉာဏ်တော်လက်မ ၃၀ ရှိ ရုပ်ပွားတော်၁၂ ဆူ၊ သိဒ္ဓိရှင်မိုးကောင်းစေတီတော် ပတ်လည်တွင် ၄ ဆူ၊ ညောင်ပင်ပတ်လည်တွင် ၄ဆူ၊ (၃၁) ဘုံ ဘုရားပတ်လည်တွင် ၄ ဆူ၊ စုစုပေါင်း ဉာဏ်တော်လက်မ၃၀ ရှိ ရုပ်ပွားတော် ၅၁ ဆူနှင့် ဘော်ကြိုဘုရားပတ်လည်တွင် ဉာဏ်တော် ၁၂ လက်မရှိရုပ်ပွားတော် ၁၆ ဆူ ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စိန္တာမုနိကျောင်း ဆရာတော် ဦးစန္ဒိမာသာရ (၈၁ နှစ်၊ ၃၃ ဝါ) သည်တောထွက် ရဟန်းတစ်ပါးဖြစ်ပြီး ပိဋကတ်စာပေတတ်ကျွမ်းမှုမရှိခြင်း၊ အလှူရှင်များ၏ကိုယ်ကျိုးစီးပွားအတွက် စီးပွားဥစ္စာအာဏာများ ရရှိစေရန် လောကီအစီအမံများပေါင်းစပ်၍ ရုပ်ပွားတော်များကို ပြုလုပ်စေခြင်းဖြစ်ကြောင်းလည်း သာသနာရေးထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါ ရုပ်ပွားတော်များအား ဖယ်ရှားရန် နေပြည်တော်သံဃနာယကအဖွဲ့က ယင်းကျောင်းတိုက်ဆရာတော်ဉီးစန္ဒိမာသာရကို ဇူလိုင်လ ၁ ရက်နေ့က ဝန်ခံကတိပြုလက်မှတ် ရေးထိုးစေ၍ ယင်းရုပ်ပွားတော်များကို ဇူလိုင်လ ၆ ရက်နေ့ထိ နောက်ဆုံးထားဖယ်ရှားရှင်းလင်းရန် သြဝါဒပေးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဖယ်ရှားရှင်းလင်းခံရသည့် ရုပ်ပွားတော်များသည် မြန်မာနိုင်ငံတွင် ရိုးရာအစဉ်အလာအရ ထုဆစ်ပုံဖော်ကာ ကြည်ညိုလျက်ရှိကြသည့် မုဒြာ ၅၅ မျိုးတွင် ပါဝင်ခြင်းမရှိဘဲ ဆံတော်နေရာတွင် ကြာပန်းပုံပြုလုပ်ထားခြင်း၊ လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နှင့် ဦးခေါင်းတော်နောက်ဘက်တို့တွင် ခရုပတ် ထည့်သွင်းထားခြင်း၊ ညာဘက်လက်တော်သည် ရှေ့သို့ချထားပြီး ဘယ်ဘက်လက်တော်သည် နောက်ဘက်သို့ဖြန့်ချထားခြင်း စသည်တို့သည် ဥဒ္ဒိဿက စေတီတော်အဖြစ် ထားရှိကြည်ညိုရန် လျော်ကန် သင့်မြတ်မှုမရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ၎င်းရုပ်ပွားတော်များသည် ထေရဝါဒဗုဒ္ဓဘာသာနှင့်ကိုက်ညီမှုမရှိခြင်း၊ လောကီအကျိုးစီးပွား အတွက်ဗေဒင်ယတြာအစီအမံများနှင့် ပေါင်းစပ်ပြုလုပ်ထားခြင်း၊အခြားဘာသာ အယူဝါဒများ လွှမ်းမိုးရောယှက်နေခြင်း ၊ကြည်ညိုဖွယ်မဆောင်ခြင်း၊ မြင်ရသူတို့၏ ကြည်ညိုစိတ်ကို ထိခိုက်စေခြင်းကြောင့် မြတ်စွာဘုရားရှင် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အားတရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့သော အေးချမ်းသည့်ပုံရိပ်တို့နှင့်ဆန့်ကျင်နေသည်ကို တွေ့ရှိရကြောင်းလည်း သိရသည်။

S-04