News

POST TYPE

LATEST NEWS POST

တပ်/ချုပ်နှင့် ဒုတပ်/ချုပ်တို့ကို ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းနှင့် ခရီးသွားခွင့်ပိတ်ပင်ခြင်းတို့ ဗြိတိန်ပြုလုပ်
07-Jul-2020
လန်ဒန်၊ ဇူလိုင် ၇

ဗြိတိန်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ နောက်ကွယ်မှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း ၄၉ ခုကို ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်နေရာတွင် မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့လည်းပါဝင်ခဲ့ကြောင်း BBC သတင်းအရ သိရသည်။ 

ရိုဟင်ဂျာများနှင့် လူနည်းစုတိုင်းရင်းသားများကို စနစ်တကျ ရက်စက်စွာအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည်ဟုဆိုကာ တပ်မတော်ထိပ်သီးခေါင်းဆောင်နှစ်ဦးကို အရေးယူခြင်းဖြစ်သည်ဟု BBC က နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားလျက်ဖော်ပြထားသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့၏ ဗြိတိန်ဘဏ္ဍာရေးအဖွဲ့အစည်းများသို့ ရောက်နေသော ပိုင်ဆိုင်မှုများကို ထုတ်ခွင့်မပေးတော့ခြင်း၊ ခရီးသွားလာမှုများကို ပိတ်ပင်ထားခြင်းများပြုလုပ်မည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုထားသည်။

ရုရှားရှိ အခွန်အရာရှိများ ရဲအရာရှိများ အကျင့်ပျက်သည်ကို ထုတ်ဖော်ခဲ့သော ရှေ့နေ ဆာဂျီမက်နစ်စကီး ကို ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ရုရှားနိုင်ငံသား ၂၅ ဦးကိုလည်း ဗြိတိန်က ပိတ်ဆို့မှုများဖြင့် အရေးယူခဲ့သည်။

တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် အသတ်ခံရသူ သတင်းစာဆရာ ဂျာမားခါရှိုဂီ၏ အမှုနောက်ကွယ်မှ လူ ၂၀ ဦးလည်း အရေးယူခံရသည့် စာရင်းတွင်ပါဝင်သည်။ 

မြောက်ကိုရီးယား အလုပ်ကြမ်းစခန်းများတွင် အတင်းအဓမ္မခိုင်းစေခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း များ ပြုလုပ်နေသည့်အဖွဲ့အစည်းနှစ်ခုလည်း ပါဝင်သည်။

လက်ရှိပြုလုပ်လိုက်သော ပိတ်ဆို့အရေးယူမှုများသည် အဓိပ္ပာယ်ကင်းမဲ့ကာ တန်ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ရုရှားက ထုတ်ပြန်ထားသည်။ 

“လတ်တလောပိတ်ဆို့ အရေးယူမှုများသည် ဗြိတိန်ပြည်သူများကိုယ်စား အစိုးရနှင့် ပါလီမန်တို့က လက်တွင် သွေးစွန်းနေသူများ၊ အာဏာရှင်တို့က လက်သပ်မွေးထားသော လူဆိုးများ၏ ရရှိထားသော ငွေများကို ငွေဖြူမဖြစ်စေရေးနဲ့ ဗြိတိန်ထဲကို ဝင်ချင်တိုင်းဝင်လာလို့မရအောင် ပိတ်ပင်လိုက်ခြင်းဖြင့် ရှင်းလင်းသောသတင်းစကား ပါးလိုက်ခြင်းဖြစ်သည်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်က ပြောကြားသည်။

F-02