News

POST TYPE

LATEST NEWS POST

အာဖရိကဝက် အပြင်းဖျားရောဂါသည် လူသို့ကူးစက်ခြင်းမရှိဟုဆို
07-Jul-2020
ရန်ကုန်၊ ဇူလိုင် ၇

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့်ဝက်ရောဂါဖြစ်၍ ဝက်များတွင်ကူးစက်ခံရပါက ၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်ပြီး လူသို့လုံးဝကူးစက်ခြင်းမရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။

ဝက်များ ၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်သည့်အတွက် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုများသောကြောင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးထုတ်ပြန်ထားပြီး ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ရန်၊ ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ပြုလုပ်ရန် စသည့်အချက်များဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။

ဝက်များကို စားသောက်ဆိုင်။ အိမ်များမှ စားြွကင်းစားကျန်ကျွေးခြင်းပြုလုပ်ပါက အပူပြင်းပြင်းဖြင့် ချက်ပြုတ်ပြီးမှ ကျွေးမွေးရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက်ထိန်းချုပ်ရန်၊ အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊ ဝက်ခြံများအပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန် စသည့်အချက်များပါဝင်သည်။

“ဒီနေ့အချိန်အထိ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့က ဝက်မှာဖြစ်တဲ့ရောဂါနဲ့ပတ်သက်ပြီး သတိပေးထားတဲ့ အချက်အလက်တွေ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ လိုအပ်တဲ့အမိန့် ညွှန်ကြားချက်တွေတော့ ထုတ်ပါတယ်။ ကျေးလက်ဝက်မွေးမြူသူတွေနဲ့ တစ်ပိုင်တစ်နိုင်မွေးသူတွေကို ဝက်တွေလွှတ်မမွေးဖို့၊ အစာကြွင်း၊ အစာကျန်တွေမကျွေးပါနဲ့။ ပွက်ပွက်ဆူမှကျွေးပါ။ ရွာမှာတာဝန်ရှိတဲ့သူတွေကို ဝက်မွေးထားကြောင်း သတင်းပို့ရပါမယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားထားသည်။

ရောဂါကင်းရှင်းကြောင်းစိတ်ချရသည့်ခြံမှဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှမွေးမြူရန်၊ ပြည်ပမှတရားမဝင် တင်သွင်းလာသည့်ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန် ထည့်သွင်းကြေညာထားသည်။

ထို့ပြင် တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပေးပို့ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကြေညာထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

S-07