News

POST TYPE

LATEST NEWS POST

အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများကို သြဂုတ်လအတွင်းဖွင့်နိုင်ရန်ခန့်မှန်း
05-Jul-2020
ရန်ကုန်၊ ဇူလိုင် ၅

အခြေခံပညာဦးစီးဌာနလက်အောက်တွင်ရှိသော အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများကို သြဂုတ်လအတွင်းဖွင့်လှစ်နိုင်ရန် ခန့်မှန်းထားကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက The Voice Daily သို့ ပြောကြားသည်။

ယခု ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို အထက်တန်းမှစ၍ ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေးကာလကို ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက်အတွင်းသတ်မှတ်ထားပြီး လူစုလူဝေး မဖြစ်စေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း ကျောင်းအုပ်များ၏ သဘောအတိုင်း စီမံခွင့်ပြုထားသည်။

ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကြောင့် ယခုနှစ်တွင် အထက်တန်းကျောင်းများကိုစတင်ဖွင့်လှစ်မည်ဖြစ်၍ ပုံမှန်ကျောင်းဖွင့်ချိန်ထက် တစ်လကျော်နောက်ကျခဲ့ပြီး စာသင်ချိန်များကိုလည်းလျှော့၍သင်ကြားရမည်ဖြစ်ကာ ဘေးအန္တရာယ်ကင်းရှင်းချိန်မှ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်များကိုဖွင့်လှစ်မည်ဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကရှင်းပြသည်။

“ သြဂုတ်လအတွင်းဖွင့်ဖို့ ရည်ရွယ်ထားပေမယ့်ဖွင့်ဖြစ်မဖြစ်က ကိုဗစ်-၁၉ အပေါ်မူတည်တယ်။ ကိုဗစ်ရောဂါ အန္တရာယ်ကင်းပြီဆို ဆက်ဖွင့်မှာပါ။ ကျောင်းသားတွေရဲ့ သင်ယူမှုအခွင့်အလမ်းမဆုံးရှုံးအောင်ပဲလုပ်နေတာပါ။ အရည်အသွေးကတော့ အပြည့်အဝအာမခံလို့မရဘူးပေါ့” ဟု ၎င်းက ပြောကြားသည်။

ယခုပညာသင်နှစ်တွင် Grade-4၊ Grade-7၊ Grade -10 တို့ကို သင်ရိုးသစ်များကိုပြောင်းလဲထားပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်နောက်ဆုံးနှစ်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

“သင်ရိုးပြီးမလား မပြီးမလားဆိုတာ ပြောစရာမရှိဘူး။ ပြီးအောင် သင်ရိုးကိုညှိနှိုင်းပြီးသင်မှာပါ ဥပမာ သင်ခန်းစာက ၁၂ ခုရှိတယ်ဆိုရင် အဲ့ဒီ ၁၂ ခုလုံးသင်နိုင်အောင်လုပ်မယ်။ ဒါပေမယ့် အဲ့ဒီ ၁၂ ခုကို ကျောင်းမှာတစ်ဝက်သင်ပြီး အိမ်မှာတစ်ဝက်လေ့လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ဒေါက်တာတင်မောင်ဝင်းက ထပ်မံရှင်းပြသည်။

ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကာကွယ်ရန် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို Mask ၂ ခုနှင့် Face shield ၁ ခုပေးမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း ၄ သောင်းကျော်အတွက် အပူချိန်တိုင်းကိရိယာ ၇ သောင်းကျော်၊ Mask  ၂၁ သန်းခန့်၊ Face shield ၁၀ သန်းကျော် စသည့်တို့ကို ကျောင်းအပ်နှံရေးကာလမတိုင်မီတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

J-02