News

POST TYPE

LATEST NEWS POST

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိရန် အမှတ်စာရင်းများ စတင်ပြုစု
05-Jul-2020
ရန်ကုန်၊ ဇူလိုင် ၅

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိရန် လက်ရှိတွင်စစ်ဆေးပြီးသည့် အဖြေလွှာများကို အမှတ်စာရင်း ပြုစုနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် မတ်လတွင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ၏ အဖြေလွှာများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် ဇွန်လမှသာစစ်ဆေးနိုင်ခဲ့ပြီး ယခုအခါ အဖြေလွှာစစ်ဆေးမှုများပြီးဆုံးကာ ခုံအမှတ်များကိုခွာ၍ အမှတ်စာရင်းများကို စာရင်းပြုစုနေသည့် အခြေအနေတွင်သာ ရှိနေသေးကြောင်း ၎င်းကဆိုသည်။

“အဆင့်တွေ အများကြီးကျန်သေးတယ်။ ကွန်ပျူတာထဲ စာရင်းသွင်း၊ အဆင့်သုံးဆင့်နဲ့ စစ်ဆေးတာတွေ လုပ်ရဦးမယ်။ အောင်စာရင်းထွက်ဖို့ ဝန်ကြီးရုံးကို တင်ရမယ်။ ဝန်ကြီးရုံးက စိစစ်ပြီးမှ အောင်စာရင်းထွက်မှာ။ အနည်းဆုံးတော့ ၁၀ ရက်၊ နှစ်ပတ်လောက် ကြာဦးမယ်” ဟု ဦးမျိုးညွန့်က ပြောဆိုသည်။

ယင်းအတွက်ကြောင့် ၂၀၂၀ ပြည့်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းဆိုင်ရာ လုပ်ငန်းများကို ဇူလိုင်လ ၆ ရက်နေ့တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အချောသတ်အောင်စာရင်း ထွက်ရှိနိုင်မည့်အချိန်သည် လာမည့် သြဂုတ်လထဲတွင် ထွက်ရှိရန် ခန့်မှန်းထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုမီအချိန်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းခုနစ်သောင်းကျော် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းခဲ့သော်လည်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူမှာ ခြောက်သောင်းကျော်အထိရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုသည် ငါးနှစ်အတွင်း ဖြေဆိုသူအများဆုံးနှစ်တစ်ခုဖြစ်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် စာစစ်လုပ်ငန်းများနောက်ကျခဲ့ပြီးနောက် အောင်စာရင်းကိုလည်း နှစ်စဉ်ထွက်ရှိနေကျဖြစ်သည့် ဇွန်လတွင်ထွက်ရှိနိုင်ခဲ့ခြင်း မရှိပေ။

S-09