News

POST TYPE

LATEST NEWS POST

ဖားကန့် ဝှေခါမြေပြိုမှုတွင် သေဆုံးဒဏ်ရာရသူများကို ကျပ် ၉၇၈ သိန်းထောက်ပံ့
05-Jul-2020


မန္တလေး၊ ဇူလိုင် ၅

ဖားကန့်ရတနာနယ်မြေ ဝှေခါမြေပြိုမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူ ၁၇၄ ဦးနှင့် ဒဏ်ရာရသူ ၅၄ ဦး တို့အတွက် နိုင်ငံတော်အစိုးရက ကျပ် ၉၇၈ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးပြောကြားသည်။

“ကျွန်တော်တို့ ထောက်ပံ့ခဲ့တဲ့ငွေဟာ ပြည်သူ့ငွေဖြစ်လို့ ဒုက္ခခံစားနေရသောပြည်သူများအတွက် ပြည်သူမှပြည်သူသို့ ကူညီခြင်းဖြင့် ကုသိုလ်ရယူခဲ့ခြင်းဖြစ်ပါတယ်။ ဖြစ်စဉ်ကိုလေ့လာခွင့်ရပြီး ဖြစ်ပွားရာနေရာကိုလည်းရောက်ရှိခဲ့လို့ လွန်စွာစိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းနှင့် စာနာခြင်းများခံစားရပါတယ်”ဟုလည်း ဖော်ပြထားသည်။

ဝှေခါမြေပြိုမှုမှ ဒဏ်ရာရသူများတွင် အရိုးကျိုးကြေခြင်း၊ ရေမွန်းခြင်း၊ ကိုယ်ခန္ဓာ စုတ်ပြဲပွန်းပဲ့ထိခိုက်ခြင်းတို့ အများဆုံးဖြစ်ခဲ့သည်ကို တွေ့ရကြောင်း၊ နောင်တွင် ယခုကဲ့သို့မဖြစ်ပွားစေရန် ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ်များနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောကြားထားသည်။

မြေပြိုမှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ဒဏ်ရာရသူတစ်ဦးလျှင် ကျပ်နှစ်သိန်း၊ သေဆုံးသူတစ်ဦးလျှင် ကျပ် ၅ သိန်းစီ ပေးအပ်ခဲ့သည့် အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာသူရ ကျောက်မျက်ကုမ္ပဏီတို့ကလည်း ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ကချင်ပြည်နယ် ဖားကန့် ရတနာနယ်မြေ ဝှေခါကျေးရွာတွင် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့ရာမှ ရေမဆေးကျောက် ရှာဖွေသူများ သေဆုံးခဲ့ခြင်းဖြစ်သည်။

S-02