News

POST TYPE

LATEST NEWS POST

အမေရိကန်ပြည်ထောင်စုနှင့် အတူထိုင်ကာ ဆွေးနွေးပွဲကျင်းပရန်မလိုအပ်ဟု ယုံကြည်ကြောင်း မြောက်ကိုရီးယားပြောကြား
05-Jul-2020


ပြုံယမ်း၊ ဇူလိုင် ၄

အမေရိကန်ပြည်ထောင်စုနှင့်အတူ ထိုင်ကာဆွေးနွေးညှိနှိုင်းနေရန် မလိုအပ်ဟု ယုံကြည်ထားသည်ဟု မြောက် ကိုရီးယားနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟာက ထုတ်ဖော်ပြော ကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟာသည်တောင် ကိုရီးယားနိုင်ငံသို့ အမေရိကန်အထူး သံတမန် လာရောက်မလည်ပတ်မီ ယင်းသို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။ 

ဝါရှင်တန်နှင့် ပြုံယမ်းအစိုးရ နှစ်ရပ်အကြား စေ့စပ်ဆွေးနွေးမှုများ သည် အလုပ်ဖြစ်မည်မဟုတ်ကြောင်း၊ မြောက်ကိုရီးယား၏ မူဝါဒမှာလည်း အပြောင်းအလဲရှိမည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။ 

“အမေရိကန်ပြည်ထောင်စုနဲ့ မျက် နှာချင်းဆိုင်အတူထိုင်ပြီး ဆွေးနွေးညှိနှိုင်း တာတွေလုပ်ဖို့ မလိုဘူးလို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆွေးနွေးပွဲဆို တာလည်း နိုင်ငံရေးအကျပ်အတည်း အတွက် အသုံးချခံအရာတစ်ခုပဲလို့မြင် တယ်” ဟု ၎င်း၏ ပြောကြားချက်ကို KCNA သတင်းဌာနက ကိုးကားဖော်ပြသည်။ 

အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး စတီဖင်ဘီဂန်သည် ရပ်တန့်နေသော မြောက်ကိုရီးယားဆွေးနွေးပွဲကိစ္စ နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန် တောင်ကိုရီးယားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း လာရောက်မည်ဖြစ်သည်။ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့အနေနှင့် လာမည့် နိုဝင် ဘာလ အမေရိကန်ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးသင့်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း သုံးသပ်ပြောဆိုခဲ့သည်။ 

သမ္မတထရမ့်၏ ယခင်အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျွန်ဘိုလ်တန်က သမ္မတထရမ့်သည် နိုဝင်ဘာရွေး ကောက်ပွဲမတိုင်မီ မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံကာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကျင်းပရန် နည်းလမ်းရှာကောင်းရှာနိုင်ကြောင်း ပြောကြားသည်။ 

သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စင်ကာပူ တွင် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။ ထို့နောက် ၂၀၁၉ တွင် ဗီယက်နမ်၌ တွေ့ဆုံကာ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့သည်။ 

F-01