News

POST TYPE

LATEST NEWS POST

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း လေ့ကျင့်မှုများဆက်လက်ပြုလုပ်မည်ဟု အောင်လဆို
05-Jul-2020


ရန်ကုန်၊ ဇူလိုင် ၄

ONE Championship (MMA)  ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လ အန်ဆန်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်ပတ်ကြာနေအိမ်တွင် Quarantine နေထိုင်ရမည်ဖြစ်သော်လည်း လေ့ကျင့်မှု ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့ပြီး ဇူလိုင် ၃ ရက်တွင် Positive ရလဒ်ထွက်ပေါ်ခဲ့ကြောင်း ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သည်။

အောင်လနှင့် ၎င်း၏မိသားစုသည် လက်ရှိတွင် အမေရိကန်နိုင်ငံ မေရီလန်း ပြည်နယ်ရှိ ဘောလ်တီမောမြို့၌ နေထိုင် လျက်ရှိပြီး နေအိမ်တွင်းမှ အပြင်မထွက်ဘဲ ၁၄ ရက်ကြာ Quarantine သီးသန့် နေထိုင်မည်ဖြစ်သည်။

“ကျွန်တော့်ကို စိတ်ပူပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်အိမ်မှာနေရတဲ့ အခိုက်အတန့် မှာလည်း လေ့ကျင့်မှုတွေဆက်လက်ပြု လုပ်သွားမှာပါ။ ဒီရောဂါက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာမယ်ဆိုရင် အမြန်ဆုံး ပျောက်ကင်းနိုင်မှာပါ။ အရမ်းကြီး မကြောက်ကြဖို့ လိုပါတယ်”ဟု အောင်လက ပြောသည်။

အောင်လသည် ONE မစ်ဒယ်ဝိတ် တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် ဗစ်တာလီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်ကို မူလက ဧပြီတွင် ကျင်းပရန် စီစဉ်ထား သော်လည်း COVID-19 ဖြစ်ပွားမှုကြောင့် မေလသို့ ကနဦးရွှေ့ဆိုင်းခဲ့သည်။

သို့သော် အခြေအနေအရပ်ရပ်ကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ လက်ရှိအချိန်အထိ အောင်လအန်ဆန်နှင့် ဗစ်တာလီတို့၏ချန်ပီယံ ကာကွယ်ပွဲ ကျင်းပမည့်ရက်ကို ပြန်လည် ထုတ်ပြန်နိုင်ခြင်းမရှိသေးသောကြောင့် ပရိသတ်များကလည်း မျှော်လင့်လျက်ရှိသည်။

ရုရှားနိုင်ငံသား ဗစ်တာလီသည် အောင်လအန်ဆန်ကို မရှုံးနိမ့်မီအချိန်အထိ ရှုံးပွဲမရှိ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲ သုံးပွဲအနိုင်ရထားသည်။

ချစ်ဝိုင်း