News

POST TYPE

LATEST NEWS POST

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ လာမည့်နှစ်တွင် စတင်အကျိုးသက်ရောက်မည်
04-Jul-2020
ရန်ကုန်၊ ဇူလိုင် ၄

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅ ဖြင့် ပြဋ္ဌာန်းခဲ့သည့် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အာဏာတည်စေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သတ်မှတ်လိုက်သည်။

ကုန်စည်တစ်မျိုး၏ သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်သူများကို ပြင်းထန်သည့်ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုများဖြစ်ပေါ်လာပါက စနစ်တကျစုံစမ်းစစ်ဆေးနိုင်ရန်၊ အချိန်ကာလတစ်ခုအတွင်း ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဥပဒေကိုပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရသည်။

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုကော်မတီကို ၁၅ ဦးထက်မပိုသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်သူ၏လုပ်ငန်းကို ပြင်းထန်သည့်ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုရှိ၊ မရှိဆုံးဖြတ်ရာတွင် မြင့်တက်လာသည့်သွင်းကုန်ပမာဏနှင့် နှုန်းထား၊ ပမာဏမြင့်တက်ဝင်ရောက်လာသည့် သွင်းကုန်၏ပြည်တွင်းဈေးကွက်တွင်ရယူခဲ့သည့်ဝေစု၊ ရောင်းချမှုအခြေအနေပြောင်းလဲမှု စသည့်အချက်များကို ထည့်သွင်းစိစစ်အကဲဖြတ်ရမည်ဖြစ်ကြောင်း ဥပဒေတွင်ပါရှိသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများကို ပေးအပ်ထားသည့် အခွင့်အရေးမှအပ ပုဒ္မ ၂၅ သို့မဟုတ် ပုဒ္မ ၂၉ အရ ကာကွယ်ပေးမှုအစီအမံကို ကျင့်သုံးရာတွင် နိုင်ငံများအချင်းချင်းအကြားတွင် ခွဲခြားဆက်ဆံခြင်းမပြုဘဲ ယင်းကုန်စည်များတင်ပို့သည့် မည်သည့်ပင်ရင်းနိုင်ငံ၏ သွင်းကုန်ကိုမဆို အကျိုးသက်ရောက်မှု ရှိစေရမည်ဖြစ်ကြောင်း သိရသည်။

ဥပဒေအရတာဝန်ပေးအပ်ထားသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် လိုအပ်သည့်နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္႑ာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ကော်မတီတို့သည် လိုအပ်သည့်အမိန့်ကြေငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဥပဒေတွင်ပါရှိသည်။

S-07