News

POST TYPE

LATEST NEWS POST

ခွေး‌လေခွေးလွင့်များကို အဆိပ်ချသတ်နိုင်သည့် ခွင့်ပြုချက်ရဟုဆို
03-Jul-2020


တောင်ငူ၊ ဇူလိုင်၂

ပဲခူးမြို့နယ်စည်ပင်သာယာ‌ရေး နယ်နိမိတ်အတွင်း ခွေးလေခွေးလွင့် လျှော့ချရေးစီမံချက်အတွက် အဆိပ်ချသတ်နိုင်သည့်ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်း ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မြင့်မြင့်ဝေက ပြောကြားသည်။

“အရင်နှစ်ဘတ်ဂျက်မှာ တင်ပြတောင်းခံတဲ့အခါ သ‌န္ဓေတားဆေးစီမံချက်အတွက် ရန်ပုံငွေကို လွှတ်တော်က ဖျက်ချတယ်။ အဆိပ်ချဖို့ ဘတ်ဂျက်တော့ပါလာတယ်။ လာမယ့်ဘတ်ဂျက်မှာတော့ အဆိပ်ချနဲ့ သ‌န္ဓေတားစီမံချက်အတွက် တောင်းခံထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ခွေးလေခွေးလွင့်တိုက်ဖျက်ရေးစီမံချက်အရ သန္ဓေတားဆေးထိုးမည့် ကုန်ကျစရိတ်ကို ပဲခူးတိုင်းလွှတ်တော်ထံ တင်ပြတောင်းခံခဲ့ရာတွင် ခွင့်ပြုခြင်းမရှိဘဲ အဆိပ်ချနည်းလမ်းကိုသာခွင့်ပြုမည်ဟု ပြန်ကြားခဲ့ကြောင်း ပဲခူးမြို့နယ်  စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

ပဲခူးမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ခွေးလေ‌ခွေးလွင့်အကောင်ရေ လျှော့ချရေးအတွက် ခွေးချစ်သူများနှင့် ပွတ်တိုက်မှုမဖြစ်စေရန် ခွေးအမများကို သန္ဓေတားဆေးထိုး၍ သားဆက်ခြားခြင်း၊ အဆိပ်ချရှင်းလင်းခြင်းစသည့် စီမံချက်နှစ်ခုအနက် မည်သည့်နည်းဖြင့် ရှင်းလင်းစေလိုသည်ကို ပြည်သူများက ဆန္ဒပြုပေးစေလိုကြောင်း စည်ပင်သာယာရေးအဖွဲ့က ဆန္ဒသ‌ဘောထားများတောင်းခံထားသည်ဟု ပဲခူးဒေသခံများက ပြောဆိုသည်။

“အဆိပ်ချရှင်းလင်းမယ်ဆိုတဲ့ကိစ္စက တိရစ္ဆာန်ချစ်သူတွေနဲ့ ပြဿနာရှိပြန်တယ်။ ပွင့်လင်းရာသီချိန်မှာ ‌ခွေးကိုက်ခံရလို့ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးရတဲ့ကိစ္စကလည်း ပြဿနာရှိတယ်။ ဘယ်လိုဖြစ်ဖြစ် လေလွင့်ခွေးကိစ္စက ကိုင်တွယ်ရမယ့်ပြဿနာတစ်ခုပဲ”ဟု ပဲခူးမြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြားသည်။

အင်းတကော်နှင့်ဘုရားကြီးမြို့ကို ထည့်သွင်းတွက်ချက်မည်ဆိုပါက ပဲခူးမြို့နယ်အတွင်း လေလွင့်ခွေးအကောင်ရေ ၂၀,ဝ၀ဝ ကျော်ရှိမည်ဟု ခန့်မှန်းထားပြီး လတ်တလောအနေနှင့် ခွေးအမများကို သန္ဓေတားဆေးထိုးပေးသည့်လုပ်ငန်းကို ပြည်သူအများ စုပေါင်းလှူဒါန်းငွေဖြင့် လုပ်ကိုင်နေသည်ဟု ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

R-02