News

POST TYPE

LATEST NEWS POST

မေသန်းနုအမှုကို စနစ်တကျဆက်ဖြေရှင်းမည်ဟု ဇင်ရော်မောင်မောင်ပြော
02-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂

လိမ်လည်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံနေရသည့် သရုပ်ဆောင်မေသန်းနုသည် ဇူလိုင် ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီး ကျန်ရှိသည့်အမှုကို စနစ်တကျဆက်လက်ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေသန်းနုအမှုတွင် ဦးဆောင်ကူညီပေးနေသူ ဒါရိုက်တာ ဇင်ရော်မောင်မောင်က ပြောကြားသည်။

“ရှိတာတွေလျော်တယ်။ အမှုပိတ်စရာရှိတာတွေ ပိတ်တယ်။ တရားဥပဒေအရ ဖြတ်သန်းရမှာတွေကို ဖြတ်သန်းတယ်။ အခုလက်ကျန်အမှု နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ မြို့နယ်နဲ့ ခရိုင်မှာနိုင်ထားတယ်။ တိုင်းကိုတက်ထားတယ်။ နောက်တစ်ခုက ချက်လက်မှတ်ကိစ္စ သူပြောထားတဲ့ရက်တွေ၊ အကြောင်းအရာတွေ မခိုင်လုံတဲ့အတွက် အောက်ခြေမှာ နိုင်ထားပြီးသားပါ။ တိုင်းကိုတက်ထားပါတယ်။ ဒီအမှုသေးနှစ်ခု ကျန်ပါတယ်။ အဲဒါလည်း စနစ်တကျ ဥပဒေအရ ဖြေရှင်းပါမယ်” ဟု ၎င်းကဆိုသည်။

သရုပ်ဆောင်မေသန်းနု ထောင်ကျစဉ်ကာလတွင်လည်း တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ကို ကျပ်သိန်း ၃၅၀ အပြင် ကျပ်သိန်း ၄၅၀ ကို အပိုပေးဆောင်ရန်ညှိနှိုင်းခဲ့သော်လည်း တရားလိုက လက်မခံခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားသူကြီး ဆုံးဖြတ်သည့်အတိုင်း လျော်ပေးရန်စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်မေသန်းနုသည် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံခဲ့ရသော်လည်း ထောင်စည်းကမ်းနှင့် အစိုးရကပေးသည့် နှစ်သစ်ကူးလျှော့ရက်များကြောင့် ခြောက်လနှင့်လွတ်မြောက်လာခြင်းဖြစ်ကြောင်း မေသန်းနုက ပြောကြားသည်။

“ဒီအမှုကို မဆင့်ရင်ဆိုင်နေရတာ ၂၀၁၄ ကတည်းက။ ၂၀၁၆ မှာ သူတရားစွဲတယ်။ သူတိုင်ကတည်းက နှစ်ခုတိုင်တာ။ တရားမလမ်းကြောင်းနဲ့ ၄၂၀ နဲ့။ တကယ်တမ်း ငွေရေးကြေးရေးအရ သူလိုချင်ရင် တရားမလမ်းကြောင်းပဲသွားရတာ။ အခုက နှစ်ခုတစ်ပြိုင်တည်းသူကစွဲတာ။ တရားမလမ်းကြောင်းမှာ ဘာလို့ရှုံးလဲဆိုတော့ သူ့ကိုပေးတဲ့ပိုက်ဆံအထောက်အထားက လူအထောက်အထားပဲရှိတယ်။ အဓိကကလက်မှတ်မရှိတာ” ဟု ၎င်းကပြောဆိုသည်။

သရုပ်ဆောင်မေသန်းနု ပြန်လည်လွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၂ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

S-07