News

POST TYPE

LATEST NEWS POST

ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ ဈေးခေါ်ထားသော်လည်း မန်ယူဘက်မှ သန်း ၅၀ ထက်ပိုပေးရန် အစီအစဉ်မရှိ
02-Jul-2020


မန်ချက်စတာ၊ ဇူလိုင် ၁

ဆန်ချို၏ အပြောင်းအရွှေ့ဇာတ်လမ်းကြားတွင် မန်ယူနှင့်ဒေါ့တ်မန်အသင်းတို့ကြား စကားလုံးတိုက်ပွဲများရှိလာခဲ့ပြီဟု Sky Sports က ဖော်ပြခဲ့သည်။ 

ဒေါ့တ်မန်အသင်းဘက်မှ အင်္ဂလန် တောင်ပံကစားသမားအတွက် ပြောင်း ရွှေ့ကြေး ပေါင်သန်း ၁၀၀ ရရှိမှသာစဉ်းစားမည်ဟု အသင်းဥက္ကဋ္ဌ ဂျိုအာချင်ဝက်ဇ်ကီက ပြောကြားထားပြီး ယင်းပမာဏကို ပေးချေနိုင်မည့်အသင်း မရှိနိုင်ဟု ခနဲ့ ပြောဆိုခဲ့ကြောင်းသိရသည်။ 

လက်ရှိအချိန်တွင် ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ ပမာဏကိုပေးချေနိုင်မည့်အသင်း မရှိသည်မှာ မှန်ကန်သလို ဒေါ့တ်မန်အသင်းဘက်မှ ၎င်းကိုဆက်လက်ထိန်းထားလိုခြင်းကြောင့် တန်ကြေးကို လျှော့ချပေးခြင်းမရှိသည်မှာလည်း ဖြစ်နိုင်ခြေရှိသည်။ 

မန်ယူအသင်းဘက်မှလည်း ဆန်ချိုအတွက် ပေါင်သန်း ၅၀ ပမာဏထက်ပို မပေးနိုင်ကြောင်း တုံ့ပြန်လာခဲ့ဟုသတင်း ထွက်ခဲ့သည်။ 

မန်ယူအသင်းအနေနှင့် ယခုရာသီအတွင်း ဒေါ့တ်မန်အတွက် ပြိုင်ပွဲစုံဂိုး ၂၀ သွင်းပြီး ၁၉ ကြိမ်ဖန်တီးပေးနိုင်ခဲ့သည့် ဆန်ချိုအား အလိုရှိသော်လည်း လက်ရှိအချိန်တွင်မူ ဈေးကစားလိုသည့်ပုံစံမျိုး ပြောဆိုလာခဲ့ခြင်းဖြစ်နိုင်သည်။ 

ဒေါ့တ်မန်အသင်းသည် ကိုရိုနာကြောင့် တံခါးပိတ်ကစားခဲ့ရသည့်အတွက် ပေါင် ၄၁ သန်းနစ်နာမှုရှိခဲ့သည်ကို ဂျာမန် စတော့မားကတ်တွင် တရားဝင်ဖွင့်ချထား ခြင်းကြောင့် ဆန်ချိုကိုရောင်းချခြင်းမှငွေ ပြန်ရှာရန် အစီအစဉ်ရှိနေသည်။ 

ဒေါ့တ်မန်အနေနှင့် မန်စီးတီးမှ ဆန်ချိုကိုခေါ်ယူခဲ့စဉ်က ပေါင် ၈ သန်းသာ အသုံးပြုခဲ့ရသည်။ 

ထို့ကြောင့်ဈေးကွက်ကျဆင်းချိန် တွင် မန်ယူအသင်းဘက်မှ ကမ်းလှမ်းလာနိုင်သည့် ပေါင်သန်း ၅၀ ပမာဏကို လက်ခံ စဉ်းစားရဖွယ်ရှိနေသည်။

ငြိမ်းပြည့်