News

POST TYPE

LATEST NEWS POST

မန္တလေးတိုင်းအတွင်း ကိုဗစ်အထူးချေးငွေ ကျပ် ၇၁ ဘီလီယံကျော် ထုတ်ချေးပေးရန်လျာထား
01-Jul-2020


မန္တလေး၊ ဇူလိုင် ၁

မန္တလေးတိုင်းအတွင်း COVID-19 Special Relife Loan (ကိုဗစ်အထူးချေးငွေ) အဖြစ် ကျပ် ၇၁ ဘီလီယံကျော်ထုတ်ချေးပေးရန် လျာထားကြောင်း မန္တလေးတိုင်း မြန်မာလယ်ယာဖွံဖြိုးရေးဘဏ်ထံမှ သိရသည်။

တောင်သူများကို မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးနေစဉ်ကာလအတွင်း ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားလာကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကူးစက်ဖြစ်ပွားလာသည့်အတွက် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုအနည်းငယ်ရှိခဲ့သည့်အတွက် အထောက်အကူဖြစ်စေရန် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်း မြန်မာလယ်ယာဖွံဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောကြားသည်။

“COVID-19 ချေးငွေဆိုပြီး လမ်းညွန်ချက်များနဲ့အညီ မြန်မာလယ်ယာဖွံဖြိုးရေးဘဏ်ကနေ အချိန်စေ့ကြွေးကျေသူတွေကို တစ်ဧက ၅၀၀၀၀ နှုန်းနဲ့ အများဆုံးဆယ်ဧကထိ ထုတ်ချေးပေးပါမယ်။ ဒီချေးငွေက သီးနှံကိုအခြေခံပြီးထုတ်ချေးပေးတာမဟုတ်ဘဲနဲ့ စိုက်ဧကကိုအခြေခံထုတ်ချေးပေးတာဖြစ်တဲ့အတွက် မြေတစ်မျိုးကိုတစ်ကြိမ်သာထုတ်ချေးပေးမှာဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။



မန္တလေးတိုင်းအတွက် ကိုဗစ်အထူးချေးငွေကို ကျပ် ၇၁ ဒသမ ၃၈ ဘီလီယံ ထုတ်ချေးရန်လျာထားပြီး လိုအပ်ပါက ထပ်မံထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ ငွေတစ်ရာအတွက် တစ်နှစ်ကို ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းအတွင်း ဇွန်လ ၂၂ ရက်နေ့ကစထုတ်ချေးပေးခဲ့ရာ လက်ရှိအချိန်ထိ ကျပ် ၁ ဒသမ ၈၄ ဘီလီယံထုတ်ချေးပေးထားပြီး စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ချေးငွေပြန်ဆပ်ကာလမှာ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့နောက်ဆုံးထားပြန်ဆက်ရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း မဆပ်သူများကို ငွေတစ်ရာလျှင် တစ်လအတွက် ဒဏ်တိုး ပြား ၅၀ နှုန်းကောက်ခံမည်ဖြစ်ကြာင်း မန္တလေးတိုင်း မြန်မာလယ်ယာ ဖွံဖြိုးရေးဘဏ်က အသိပေးထားသည်။ 

မန္တလေးတိုင်း မြန်မာလယ်ယာဖွံဖြိုးရေးဘဏ်အနေနှင့် လက်ရှိအချိန်တွင် မိုးရာသီစိုက် ပျိုးစရိတ်ချေးငွေများကိုပါ ထုတ်ချေးပေးလျက်ရှိရာ ဇွန်လကုန်ထိ ကျေးရွာအုပ်စု ၅၄၅ အုပ်စုမှ စပါးစိုက်ဧက ၉၃၇၈၉၊ အခြားသီးနှံ ၂၈၃၄၅၃ ဧကအတွက် စုစုပေါင်း ကျပ် ၄၂ ဒသမ ၄၂ ဘီလီယံထုတ်ချေးထားပြီးဖြစ်ကြောင်း ယင်းဘဏ်စာရင်းများအရ သိရသည်။

ရတီ

ဓာတ်ပုံ - KKC