News

POST TYPE

LATEST NEWS POST

ဆောင်းရာသီ အားလပ်ရက်အတွင်း တီမိုဝါနာကိုခေါ်ယူနိုင်ရန် လမ်းပတ်နှင့် ပီတာဆက်ချ်တို့ လျှို့ဝှက်လှုပ်ရှားခဲ့
07-Jun-2020


လန်ဒန်၊ ဇွန် ၆

ချဲလ်ဆီးနည်းပြလမ်းပတ်နှင့် အားကစားဒါရိုက်တာ ပီတာဆက်ချ်တို့သည် ပြီးခဲ့သည့်ဆောင်းအားလပ်ရက်အတွင်း  ဂျာမနီသို့တိတ်တဆိတ် သွားရောက်ခဲ့ပြီး တီမိုဝါနာအားခေါ်ယူနိုင်ရန်ကြိုးစားခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

လက်ရှိတွင် တီမိုဝါနာသည် ပေါင် ၅၃ သန်းဖြင့် ချဲလ်ဆီးသို့ပြောင်းရွှေ့ရန် သဘောတူညီခဲ့ပြီး လန်ဒန်ကလပ်တွင် တစ်ပတ်လုပ်ခ ပေါင် ၁၈၀,ဝ၀ဝ ခံစားခွင့်ရရှိမည်ဖြစ်သည်။ 

တီမိုဝါနာအား ဘိုင်ယန်မြူးနစ်၊ မန်ယူနှင့်လီဗာပူးတို့ကဲ့သို့ထိပ်သီးအသင်းများက စိတ်ဝင်စားခဲ့ကြခြင်းကြောင့် ချဲလ်ဆီးဘက်မှ လက်ဦးမှုရယူနိုင်ရန်အတွက် လမ်းပတ်နှင့်ပီတာဆက်ချ်တို့ လျှို့ဝှက်လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ 

တီမိုဝါနာ၏ကစားဟန်မှာ ချဲလ်ဆီးအသင်းနှင့်လိုက်လျောညီထွေရှိနိုင်သည်ဟုလည်း ကစားသမားဟောင်းနှစ်ဦးက ယူဆခဲ့ကြပြီး ပြီးခဲ့သည့်ဆောင်းရာသီ အားလပ်ရက်အတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ့ဆုံမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ 

ချဲလ်ဆီးအသင်းဘက်မှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါမဖြစ်ပွားမီတွင် တီမိုဝါနာအတွက် ကြိုတင်လှုပ်ရှားမှုများပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ယခုအချိန်တွင် ဂျာမနီတိုက်စစ်မှူးကို စတမ်းဖို့ဘရစ်ချ်အရောက်ခေါ်ယူရန် သဘောတူညီချက်ကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

အသက် ၂၄ နှစ်အရွယ် ကစားသမားကိုခေါ်ယူရာတွင် ဂျာမန်ဘာသာစကားကျွမ်းကျင်စွာ ပြောဆိုတတ်သည့် ပီတာဆက်ချ်က များစွာအရေးပါအရာရောက်ခဲ့ပြီး ၎င်းအနေနှင့် တီမိုဝါနာ၏ဖခင်အပါအဝင် အေးဂျင့်များနှင့် ထိရောက်စွာဆွေးနွေးနိုင်ခြင်းဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်ကာလအတွင်း တီမိုဝါနာအား လီဗာပူးအသင်း ခေါ်ယူနိုင်လိမ့်မည်ဟု ရေပန်းစားခဲ့သော်လည်း နောက်ဆုံးတွင်ချဲလ်ဆီးသို့ ပြောင်းရွှေ့ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ငြိမ်းပြည့်