News

POST TYPE

LATEST NEWS POST

တောင်သူတစ်ဦးကိုကျွဲ၊နွားနှစ်ကောင်အထိထောက်ခံချက်လက်မှတ်ဖြင့်သယ်ဆောင်ခွင့်ပြု
06-Jun-2020
ရန်ကုန်၊ဇွန် ၆

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တောင်သူလယ်သမားတစ်ဦးလျှင် နှစ်ကောင်ထက်မပိုသည့်ခိုင်းကျွဲ၊ခိုင်းနွားများကို သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ပေးသည့်တိရစၧာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် (AHD/PC-3) မူရင်းတို့နှင့်အတူသယ်ဆောင်ခွင့်ပြုလိုက်သည်။

၂၀၂၀ပြည့်နှစ် မတ္လ ၁၁ ရက်နေ့ကထုတ်ပြန်ခဲ့သည့် ကျွဲ၊နွားများကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ခြင်းနှင့်ကျွဲ၊နွားများကိုပြည်တွင်း၌ သယ်ဆောင်ခြင်းဆိုင်ရာအမိန့်ကို တောင်သူများအကျိုးစီးပွားမြှင့်တင်ရန်ရည်ရွယ်၍ ပြင်ဆင်သတ်မှတ်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

တောင်သူများအနေနှင့် နှစ်ကောင်ထက်မပိုသည့် ခိုင်းကျွဲ၊ခိုင်းနွားများကိုမြို့နယ်၊ခရိုင်၊ပြည်ထောင်စုနယ်မြေ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခြားသော်လည်း ကျေးရွာအုပ်စုနယ်နမိတ်ချင်းထိစပ်နေသည့် ကျေးရွာတစ်ခုမှအခြားကျေးရွာတစ်ခုသို့ မွေးမြူရန် သို့မဟုတ် လယ်ယာလုပ်ငန်းတွင် အမှန်တစ်ကယ်အသုံးပြုရန်သယ်ဆောင်ခြင်းဖြစ်ပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ထုတ်ပေးသည့် မွေးမြူရန် သို့မဟုတ် လယ်ယာလုပ်ငန်းတွင် အမှန်တကယ်အသုံးပြုရန်ဖြစ်ကြောင်းထောက်ခံချက်မူရင်းတို့နှင့်လည်း သယ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

နို့စားကျွဲ၊နို့စားနွား သို့မဟုတ် အသားစားကျွဲ၊အသားစားနွားများကို မြို့နယ်တစ်ခုမှအခြားမြို့နယ်တစ်ခုသို့လည်းကောင်း၊ခရိုင်တစ်ခုမှအခြားခရိုင်တစ်ခုသို့လည်းကောင်း၊ပြည်ထောင်စုနယ်မြေ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှအခြားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှပြည်ထောင်စုနယ်မြေသို့လည်းကောင်း မွေးမြူရန်သယ်ဆောင်ခြင်းဖြစ်ပါက သက်ဆိုင်ရာမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးကထုတ်ပေးသည့် တိရစၧာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် (AHD/PC-3) မူရင်း၊နို့စားကျွဲ၊နို့စားနွားသို့မဟုတ် အသားစားကျွဲ၊အသားစားနွားဖြစ်ကြောင်း ထောက်ခံချက်မူရင်းတို့နှင့်အတူသယ်ဆောင်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံမှသိရသည်။

တိရစၧာန်များအနေဖြင့် ဘေးအန္တရာယ်၊ကူးစက်ရောဂါနှင့်အခြားမလိုလားအပ်သည့် ကိစ္စများမပေါ်ပေါက်စေရန်ကျွဲ၊နွားများကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခင်သတ်မှတ်ချက်အရကျွဲ၊နွားများသယ်ဆောင်ပါက သက်ဆိုင်ရာမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးက ထုတ်ပေးသည့်တိရစၧာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် (AHD/PC-3)မူရင်း၊သက်ဆိုင်ရာခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးကျွဲ၊နွားသယ်ဆောင်ခွင့်လက်မှတ်မူရင်း၊သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ စိစစ်ခွင့်ပြုကြောင်းအကြောင်းကြားစာတို့နှင့်အတူ သယ်ဆောင်ရမည်ဖြစ်သည်။

S-07