News

POST TYPE

LATEST NEWS POST

အမေရိကန်ပြည်ထောင်စုတွင် ဆူပူအကြမ်းဖက်မှုများ လျော့ကျသွားသော်လည်း ဆန္ဒပြမှုများ ဆက်လက်အားကောင်း
04-Jun-2020


ဝါရှင်တန်၊ ဇွန် ၃

အမေရိကန်ပြည်ထောင်စုတွင် အာဖရိကန်အမေရိကန် လူမည်းအမျိုးသားတစ်ဦး လူဖြူရဲတပ်ဖွဲ့ဝင်ကြောင့် သေဆုံးခဲ့ရမှုအပေါ် မကျေနပ်၍ မြို့ကြီး အတော်များများတွင် ခုနစ်ညဆက်တိုက် ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့သော်လည်း ရှစ်ညမြောက်တွင် ဆူပူအုံကြွမှုနှင့် အကြမ်းဖက်မှုများလျော့ကျသွားကာ ဆန္ဒပြမှုများသာ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

လူဖြူရဲကြောင့် သေဆုံးသွားသူ ဂျော့ဖလွိုက်ဆိုသူ၏ ဇာတိမြို့ဖြစ်သော တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့တွင်လည်း ဧရာမဆန္ဒပြမှုကြီးပေါ်ပေါက်ခဲ့ပြီး ၎င်း၏ ကျန်ရစ်သူဆွေမျိုးသားချင်းများ ပူးပေါင်းပါဝင်ခဲ့သည်။ 

မြို့ကြီးများတွင် ကာဖျူးထုတ်ပြန်ထားသော်လည်း ဆန္ဒပြသူများက အမိန့်ဖီဆန်ကာ ဆူပူအကြမ်းဖက်မှုများ လုယက်မှုများပြုလုပ်ခဲ့ကြသည်။ သတင်းဌာနများနှင့် ဆိုရှယ်မီဒီယာများပေါ်တွင် တက်လာသော ဗီဒီယိုဖိုင်များတွင် စတိုး ဆိုင်များထဲသို့ ဆိုင်ဖောက်ကာ လုယူမှုများကို တွေ့မြင်ရသည်။ 

ယခုတစ်ကြိမ် အမေရိကန် ပြည်ထောင်စု၌ ဖြစ်ပေါ်သော ဆန္ဒပြမှုနှင့် ဆူပူအုံကြွမှုသည် လတ်တလောဆယ်စုနှစ် များအတွင်း အကြီးမားဆုံးဖြစ်ပြီး အသားအရောင်ခွဲခြားမှုနှင့် တိုက်ရိုက်ပတ်သက်နေသည်။ 

ပုပ်ရဟန်းမင်းကြီးက လူမျိုးရေးခွဲခြားမှုကို လျစ်လျူမရှုကြရန် တိုက်တွန်းဆော်သြသည်။ 

"လူမျိုးရေးခွဲခြားတဲ့ကိစ္စကို ကျွန်တော်တို့ မမြင်ချင်ယောင်ဆောင်တာတို့၊  သည်းခံတာတို့ လုံးဝမလုပ်သင့်ပါဘူး" ဟု ပုပ်ရဟန်းမင်းကြီးကပြောကြားသည်။ သို့သော် မိမိအနေနှင့် ဆူပူအကြမ်းဖက်မှုများကို ကန့်ကွက်ရှုတ်ချပါကြောင်း ၎င်းကဆိုသည်။ 

"ဆူပူအကြမ်းဖက်လို့ ဘာတစ်ခုမှ အမြတ်မထွက်ပါဘူး၊ အများကြီးဆုံးရှုံးဖို့ပဲ ရှိတာ" ဟု ဆိုသည်။ 

အမေရိကန်ပြည်တွင်းသတင်းဌာနများ ဖော်ပြချက်အရ ဝါရှင်တန်ဒီစီ အပါအဝင် ပြည်နယ်ပေါင်း ၁၅ ခုတွင် အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ထားသည်။ မြို့ပေါင်း ၄၀ တွင် ကာဖျူးအမိန့်များ ထုတ်ပြန်ထားသည်။သို့သော်လည်း ဆန္ဒပြသူများက ယင်းအမိန့်များကိုဖီဆန်ကာ ဆူပူအြွုံကမှုများ ပြုလုပ်ခဲ့ကြသည်။

နယူးယောက်စီတီနှင့် ကာလီဖိုးနီးယားတောင်ပိုင်းတွင် စတိုးဆိုင်များလုယက်ဖျက်ဆီးခြင်းခံခဲ့ရသည်။ ဆန်ဖရန်စစ္စကိုမြို့တွင် ဆန္ဒပြလူအုပ်ကြီးက မြို့တော်ခန်းမ၌ စုဝေးဆန္ဒပြခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းခဲ့သည်။ 

မေလ ၃၀ ရက်နေ့ညက မင်နီယာ ပိုလစ်အပါအဝင် မြို့အချို့တွင်ဖြစ်ပေါ်ခဲ့သော မတည်မငြိမ်မှုများမှာ လတ် တလောဆယ်စုနှစ်များအတွင်း အမေရိကန်ပြည်ထောင်စုအတွက် အဆိုးရွားဆုံးဖြစ်သည်။ 

နယူးယောက်၊ ဒါးလပ်၊ အတ္တလန္တာမြို့အပါအဝင် အခြားမြို့များတွင် ရဲတပ်ဖွဲ့ သုံးမော်တော်ကားများနှင့် အခြားပစ္စည်းများ မီးရှို့ခံရသည်။

လူမည်းအမျိုးသားဂျော့ဖလွိုက်ကို  သေဆုံးစေခဲ့သည့်ရဲအရာရှိကို သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူထားပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း အမှုစစ်ဆေးသွားရန် စီစဉ်ထားသည်။ 

ဒါရက်ချော်ဗင်ဟု အမည်ရသည့် လူဖြူရဲအရာရှိသည် အသက် ၄၆ နှစ် အရွယ်ရှိ ဂျော့ဖလွိုက်၏ လည်ပင်းကို ဒူးဖြင့်ထောက်ကာ ဖမ်းဆီးခဲ့စဉ် ဂျော့ဖလွိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။ 

ထိုသို့ အကြမ်းဖက်သည့်ပုံစံဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည့်မြင်ကွင်းကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် အမေရိကန်ပြည်ထောင်စု တစ်လွှားတွင် ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။                   

F-01