News

POST TYPE

LATEST NEWS POST

မန္တလေး အိမ်၊ ခြံ၊ မြေဈေးကွက်တွင် သိန်း ၁၀ဝ၀ အောက်မြေကွက်များ အရောင်းအဝယ်ဖြစ်
04-Jun-2020
မန္တလေး၊ ဇွန် ၃

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကျပ်သိန်း ၁၀ဝ၀ ဝန်းကျင်တန်ဖိုးရှိ မြေကွက်များ  အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှ သိရသည်။

လူနေအိမ်များနှင့် စက်မှုဘက်ရှိ လုပ်ငန်းသုံးမြေကွက်များ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကျပ်သိန်း ၁၀ဝ၀ ဝန်းကျင်မြေကွက်များ အရောင်းအဝယ် ဖြစ်နေကြောင်း ယု အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ယုယုဇော်က ပြောကြားသည်။

မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း မြေကွက်များ အရောင်းအဝယ် ဖြစ်နေရခြင်းအပေါ် "ဒီရက်ပိုင်း အရောင်းအဝယ်ဖြစ်တာက ဘဏ်တွေမှာ အတိုးနှုန်းလျော့သွားတယ်။ ဝယ်ယူသူတွေက မြေကိုဝယ်ကြတယ်။ ရွှေကိုလည်း မလှောင်ကြဘူး။ မြေက မာတယ်ဆိုပြီး မြေကိုဝယ်ကြတယ်။ လက်ထဲက ငွေပိုနေတာလေးတွေကို လယ်ယာမြေကအစ ဝယ်နေကြတယ်" ဟု ၎င်းကရှင်းပြသည်။

မန္တလေးမြို့တောင်ဘက်အခြမ်းရှိ မြို့သစ်နေရာများဖြစ်သော စက်မှု၊ သမန်းကုန်း၊ ညည အကွက်များတွင် အရောင်း အဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်းထံမှ စုံစမ်းသိရှိရသည်။

မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကျပ်သိန်းတစ်ထောင်အောက် မြေကွက်များ အများဆုံးအရောင်းအဝယ်ဖြစ်နေကြောင်း ဖိုးလမင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝဏ္ဏစိုး ကလည်း ပြောကြားသည်။

"မဖြစ်မနေ လုပ်ငန်းလုပ်ရမယ့် အနေအထားတွေရယ်၊ စစ်ပွဲကြောင့် ပြောင်းရွှေ့အခြေချလိုတဲ့ ရှမ်းပြည်ကလာသူတွေရယ်၊ ရန်ကုန်နဲ့ အခြားဒေသတွေကနေ မန္တလေးက ကိုဗစ်ကာလမှာ ထိန်းချုပ်မှုအပေါ်မှာ ဆောင်ရွက်တဲ့အခါ ဘေးကင်းမှုအပေါ်သဘောကျလို့ ဆင်း ဝယ်ကြတာလည်းရှိတယ်" ဟု ၎င်းကပြောဆိုသည်။

မန္တလေး အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်တွင် ကျပ်သိန်းငါးရာမှ  ကျပ်သိန်းတစ်သောင်းဝန်းကျင်ရှိသော  မြေကွက်အချို့လည်း အရောင်းအဝယ်ရှိနေကြောင်း ဈေးကွက်အတွင်းထံမှ စုံစမ်းသိရှိရသည်။  

ဘုန်းမြတ်