News

POST TYPE

LATEST NEWS POST

ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်ရရှိပါက ကညနရုံးများ ပြန်လည်ဖွင့်လှစ်မည်
03-Jun-2020
ရန်ကုန်၊ ဇွန်-၃

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ခေတ္တပိတ်ထားသည့် ကညနရုံးများကို ရန်ကုန်တိုင်းအစိုးရ အဖွဲ့ခွင့်ပြုချက်ရပါက ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။

ယခုလက်ရှိတွင် ကညနရုံးများကို ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွန်ကြားချက်ချက်အတိုင်း ကျန်းမာရေးထောက်ခံချက်ရရန် ကျန်းမာရေး စစ်ဆေးမှုများခံယူနေကြောင်း ၎င်းကဆိုသည်။

“သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏သဘောတူညီချက်ရပြီး ဖွင့်လှစ်ပါလို့ ပြောလာရင် ဖွင့်လှစ်နိုင်အောင် ကျွန်တော်တို့ခုချိန်မှာ အဆင့်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။ COVID-19 ကာကွယ်တားဆီးရေး အဖွဲ့ရဲ့ ထောက်ခံချက်ရရှိပြီးရင် သက်ဆိုင်ရာ ပြည်ထောင်စုကို တင်ပြမယ်။ တင်ပြလို့ ဖွင့်ခွင့်ပြုရင် လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်”ဟု ဦးသိန်းထွဋ်က ဆိုသည်။

ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် သင်္ဃန်းကျွန်း မြို့နယ်ရှိ COVID-19 ကာကွယ်တားဆီးရေး အဖွဲ့နှင့် ခရိုင် မှူး အဖွဲ့များက ရုံးပြန်လည်ဖွင့်လှစ်ပါက ဆောင်ရွက်ရမည့် ကျန်းမာရေးလိုက်နာမှုဆောင်ရွက်ချက်များဖြစ်သည့် လက်ဆေးရန်နေရာ၊ Social distancing နေရာများ၊ လုပ်ငန်းဆောင်ရွက်ပေးမည့် ဝန်ထမ်းများအတွက် face shield၊ လက်အိတ် စီစဉ်ထားရှိမူများနှင့် စသည့် ကြိုတင်ဆောင်ရွက်မှုများအား လိုက်လံစစ်ဆေးနေပြီ ဖြစ်သည်။

ကညနရုံးများ ပြန်လည်ဖွင့်လှစ်ပါက နံနက်ပိုင်း ၈ နာရီခွဲအချိန်မှစ၍ ရုံးအချိန်ကို စောဖွင့်ပေးမည်ဖြစ်ကာ နံနက်ပိုင်း ၂ ကြိမ် ညနေပိုင်းနှစ်ကြိမ် လေးကြိမ်ခွဲကာ တစ်ကြိမ်လျှင် အစီးရေ ၁၀၀ စီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်လာပါကလည်း စနေနေ့ကိုပါ ရုံးများဖွင့်လှစ်ကာ အကြွေးကျန်ခဲ့သည့် ယာဉ်များအတွက် အချိန်ပိုဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် မော်တော်ကားအစီး၏ ရာခိုင်နှုန်းတစ်ဝက်မှာ ရန်ကုန်းတိုင်းဒေသကြီးတွင် မှတ်ပုံတင်ရခြင်းဖြစ်ပြီး ယာဉ်မောင်းလိုင်စင် ၂.၃ သန်းအနက် ယာဉ်မောင်လိုင်စင် ၈ သိန်းကျော်မှာ ရန်ကုန်တိုင်းမှဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာနထံမှ သိရသည်။

Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ကညနရုံးများ ပိတ်ထားရပြီး ရုံးပိတ်သည့်ကာလ၌ သက်တမ်းကျော်လွန်သည့် ယာဉ်အစီးရေမှာ အနောက်ပိုင်းခရိုင်ရုံးတွင် လစဉ် အစီးရေ ၁၀၀၀၀ နှင့် ၁၂၀၀၀ ကြားရှိပြီး ကျန်သည့်ရုံးများတွင် အစီးရေ ၅၀၀၀ နှင့် ၆၀၀၀ ကြားရှိကြောင်း ယင်းဌာနမှ သိရသည်။

S-05