News

POST TYPE

LATEST NEWS POST

ပုဏ္ဏားကျွန်းမြို့အဝင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
03-Jun-2020
ရန်ကုန်၊ ဇွန် ၃

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီးတွင် ဇွန်လ ၂ ရက်နေ့က AA လက်နက်ကိုင်အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီးတွင် ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ထိုသို့ဖောက်ခွဲတိုက်ခိုက်စဉ် ပုဏ္ဏားကျွန်းမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသော ဇော်မင်းဦး(၃၅)နှစ်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဝင်းနိုင်စိုး(၄၇)နှစ်၊ (ဘ) ဦးခင်အေးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့လည်း ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတာ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လက်ရှိတွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည့် ဝင်းနိုင်စိုးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးမှူးဖြင့် ကနဦးဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

AA လက်နက်ကိုင်အဖွဲ့အနေနှင့် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက် ဖြတ်တောက်ပိတ်ဆို့မှုများ ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်းကြောင်းများပေါ်တွင်လည်း မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ ယနေ့အထိ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဒေသခံပြည်သူ ၁၅ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

S-04