News

POST TYPE

LATEST NEWS POST

နေပြည်တော် ဒုတိယမြို့တော်ဝန်ကို ရန်ကုန်တိုင်း စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ် ခန့်အပ်
03-Jun-2020
ရန်ကုန်၊ ဇွန် ၃ 

နေပြည်တော် ဒုတိယမြို့တော်ဝန်ယူထားသည့် အသက် ၄၅ နှစ်အရွယ် ဦးရဲမင်းဦးကို ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးခန့်အပ်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က သဘောတူဆုံးဖြတ်ခဲ့ကြောင်း ယင်းလွှတ်တော်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးရဲမင်းဦးသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး နေပြည်တော် စည်ပင်သာယာရေးဘဏ် (ယခုနေပြည်တော်ဖွံဖြိုးရေးဘဏ်) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ဇူလိုင်လတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်ခံရကာ ကိုရိုနာဗိုင်းရပ် Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ Task Force ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ 

“အခုခန့်အပ်လိုက်တဲ့အပေါ် ကန့်ကွက်မဲ့သူမရှိဘူးပေါ့။ ကျွန်တော့သဘောထားအရ ပြောရရင်တော့ အစိုးရသက်တမ်းကလည်း ကုန်ခါနီးနေပြီ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း ဒီစီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးနေရာခန့်ဖို့ သင့်တော်တဲ့သူ နှစ်ဦးထက်ပိုရှိပါတယ်။ ဥပမာပြရရင် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်ဆိုရင်လည်း ပုဂ္ဂလိကဘဏ်တွေမှာ အရာရှိကြီးလုပ်ခဲ့ဖူးတယ်။ စီမံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းတို့ ရှိတယ်။ ဦးရဲမင်းဦးကို မတော်ဘူးပြောတာမဟုတ်ဘူး၊ တော်ပါတယ်။ သို့သော်လည်းပဲ ဒီအခြေအချိန်အခါ ကာလအရ စီမံ/ဘဏ္ဍာ ဝန်ကြီးဟာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ထဲက ဖြစ်သင့်တယ်လို့ မှတ်ချက်ပြုပြောလိုပါတယ်” ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မှတ်ချက်ပြုပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းသည် ဧပြီလ ၂၀ ရက်နေ့က ဂရင်းဟံသာ ဆေးရုံကြီးတွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်းနေရာကို စိုက်ပျိုး၊ မွေးမြူရေးဝန်ကြီး ဦးဟံထွန်းက တာဝန်ယူထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနေရာအား နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို အစားထိုးခန့်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဇွန်လ ၂ ရက်နေ့ကကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ပထနေ့တွင် အမည်စာရင်းတင်သွင်းခဲ့ရာ ဇွန်လ ၃ ရက်နေ့ကကျင်းပသော အစည်းအဝေးတွင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၅၂ နှင့်အညီ သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

S-08