News

POST TYPE

LATEST NEWS POST

ချင်းရွှေဟော်နယ်စပ် ကုန်သွယ်မှုပြန်လည်ပြုလုပ်
03-Jun-2020


ရန်ကုန်၊ ဇွန် ၂

မြန်မာ-တရုတ် နယ်စပ်ဖြစ်သည့် ချင်းရွှေဟော်-မန်တိန်း (ချင်းရွှေဟော်) နယ်စပ်ကုန်သွယ်မှုမှာ ယခင်အတိုင်း ကုန်သွယ်မှုများ ပြန်လည်ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် Covid-19 ကြောင့် ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကုန်သွယ်မှုများပြုလုပ်ခြင်းကို ရပ်ဆိုင်းထားရခြင်းဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

ချင်းရွှေဟော်-မန်တိန်း (ချင်းရွှေ ဟော်) နယ်စပ်ကုန်သွယ်မှုပုံမှန်ပြန်လည် ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးစိုးညွန့်လွင်သည် ယူနန်ပြည်နယ်၊ စီးပွားရေးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် Mr. Kou Jie နှင့် မေလ ၂၁ ရက်နေ့က ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်သည် ယူနန်ပြည်နယ်၊ စီးပွားရေးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ် Mr. Zhou Xuewen နှင့် မေလ ၂၉ ရက်နေ့က ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ယင်းဌာနထံမှ သိရသည်။

အဆိုပါဆွေးနွေးမှုများ၏ ရလဒ်အနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့အစိုးရက မြန်မာနိုင်ငံ၏ ပို့ကုန်များကို မေလ ၃၀ ရက်နံနက်ပိုင်းမှစတင်၍ ယာဉ်မောင်းအစားထိုးစနစ်ဖြင့် ပြန်လည်လက်ခံခွင့် ပြုထားခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

ယူနန်ပြည်နယ်၊ စီးပွားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zhou Xuewen နှင့်ဆွေးနွေးရာတွင် လတ်တလော Covid-19 ထိန်းချုပ်နေသည့် ကာလအတွင်း နှစ်နိုင်ငံနယ်စပ်ဂိတ်ကန့်သတ်ချက်များအပေါ် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးဆွေးနွေးရာတွင် အပြုသဘောဆောင်သည့်ရလဒ်များ ရရှိခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ယင်းဌာနထံမှ သိရသည်။

S-07