News

POST TYPE

LATEST NEWS POST

လက်ရှိ မုတ်သုံလေအားနည်းချိန် မိုးသက်လေပြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကို သတိပြုရန်လိုအပ်
02-Jun-2020
ရန်ကုန်၊ ဇွန် ၂

မုတ်သုံလေအားနည်းနေချိန်ကာလများတွင် မိုးတိမ်တောင်ဖြစ်ထွန်းမှုများလာနိုင်ပြီး မိုးသက်လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်မိုးကြိုးဖြစ်ခြင်းများ ဖြစ်လာနိုင်သောကြောင့် သတိပြုရန်လိုကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မုတ်သုံလေအားနည်းလျက်ရှိသော်လည်း ဇွန် ၉ ရက်လောက်တွင်အားကောင်းလာ၍ မြန်မာနိုင်ငံမြောက်ပိုင်းသို့ဝင်ရန်ခန့်မှန်းထားပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော မိုးတိမ်တောင်များသည် မြစ်ဝကျွန်းပေါ်ဒေသများတွင်ရွေ့လျားနေခြင်းကြောင့် ယခုရက်ပိုင်းမိုးရွာသွန်းခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ မနက်ပိုင်းပူထားတဲ့အရှိန်တွေကြောင့် ပူထားတဲ့နေရာကို ညနေဘက်လောက်ကျရင် မိုးတိမ်တောင်တွေ ကရွေ့လျားလာတယ်။ ညပိုင်းပြန်အေးတဲ့အချိန်ကျတော့ ပင်လယ်ထဲပြန်ဆင်းသွားတဲ့အနေ အထားမျိုးဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် မုတ်သုံလေအားနည်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်တင့်ဖြစ်ထွန်းနေသည်။

အဆိုပါဌာန၏ခန့်မှန်းချက်များအရ ဇွန်လ ၃ရက် (ယနေ့) တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံအပြား ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် (တောင်/မြောက်) နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့) တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့်ပြည်နယ်များတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန် ၈၀ ရာခိုင်နှုန်းရှိသည်။

ထို့အပြင် ဇွန်လ ၄ ရက်အထိ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်လျက်ရှိမည်။

J-02