News

POST TYPE

LATEST NEWS POST

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပြန်ဖွင့်မည်ဟု မှား၍ ထုတ်ပြန်
02-Jun-2020
ရန်ကုန်၊ ဇွန် ၂

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ မဟာဝိဇ္ဇာတန်းများ ဇွန်လ ၃ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည့်ကြေငြာချက်မှား၍ထုတ်ပြန်မိကြောင်း ယင်းတက္ကသိုလ်၏ မော်ကွန်းထိန်း ရုံးခန်းထံမှသိရသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ်၌ တက်ရောက်နေသော မဟာဝိဇ္ဇာတန်း ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများအားလုံး ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် ဒုတိယနှစ်ဝက်ကာလ သင်တန်းများကို ဇွန်လ ၃ ရက်နေ့တွင် ကျောင်းပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ရန်ကြေငြာချက်ကို မတ်လ ၂၈ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ယင်းကြေငြာချက်သည် ဌာနချင်းနားလည်မှုလွဲ၍ ထုတ်ပြန်မိခြင်းဖြစ်ကြောင်း မော်ကွန်းထိန်းရုံးခန်းမှ တာဝန်ရှိသူ ဆရာမတစ်ဦးက ရှင်းပြသည်။

“တက္ကသိုလ်တွေကမဖွင့်သေးဘူး အွန်လိုင်းသင်တန်းအနေနဲ့ပဲသင်မှာပါ။ ကျွန်မတို့က ဌာနမှူးတွေကို အကြောင်းကြားတာအွန်လိုင်းသင်ဖို့အတွက်။ ကြေငြာချက်ကိုပြန်ဖျက်ထားပြီးပါပြီ နားလည်မှုလွဲတာပါဟု” ၎င်းက ဆိုသည်။

ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြု လူနာကိုမတ်လ ၂၃ ရက်တွင်စတင်တွေ့ရှိခဲ့သောကြောင့် တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုခြင်းကို မတ်လ ၂၄ ရက်တွင် ရပ်ဆိုင်းခဲ့ပြီး ဘာသာရပ်နှစ်ခုဖြေဆို ရန်ကျန်ရှိခဲ့သည်။ ထို့ကြောင့်တက္ကသိုလ်များပြန်ဖွင့်ချိန်တွင် ပထမနှစ်ဝက်အတွက်ဖြေဆိုရန်ကျန်ရှိနေသော ဘာသာရပ်နှစ်ခုကို အရင်ဖြေဆိုပြီးမှသာ ဒုတိယနှစ်ဝက်ပညာသင်နှစ်အတွက်အရင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

“ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် အကာအကွယ်တွေထားရှိသင့်တယ်။ ကျောင်းဘက်ကနေလည်း ပံ့ပိုးပေးသင့်တယ်။ ကျောင်းတွေပြန်ဖွင့်လို့ တခုခုဖြစ်ခဲ့တယ်ဆိုရင် ချက်ချင်းပြန်ပိတ်လိုက်တာမျိုး လုပ်သင့်တယ်” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး မသန့်ကြယ်စင်က မှတ်ချက်ပေးသည်။

ယခုလက်ရှိတွင်အခြေခံပညာကျောင်းများကို ဇူလိုင်လတတိယအပတ်တွင် အထက်တန်းမှစ၍ ဖွင့်လှစ် မည်ဖြစ်ပြီး ကိုဗစ်-၁၉ လူနာစောင့်ကြည့်စခန်းများ အဖြစ်အသုံးပြုခဲ့သော တက္ကသိုလ်များမှလွဲ၍ ကျန်တက္ကသိုလ်များကို ဇူလှိုင်လကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာနမှ ခန့်မှန်းထားသည်။

J-02