News

POST TYPE

LATEST NEWS POST

ဒန်နီရယ်နေရာတွင် အာရှသားနောက်ခံလူတစ်ဦး ခေါ်ယူရန် ရှမ်းယူနိုက်တက်အသင်း ကြိုးပမ်း
31-May-2020


ရန်ကုန်၊ မေ ၃၀

မြန်မာလိဂ်လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်သည် ဧပြီလကုန်က လမ်းခွဲခဲ့သည့် ကာဂျစ္စတန်နောက်ခံလူ ဒန်နီရယ် အစား အာရှသား နောက်ခံလူတစ်ဦးခေါ်ယူရန် ချိတ်ဆက်မှုများပြုလုပ်လျက်ရှိကြောင်း အသင်းမီဒီယာတာဝန်ခံ ဦးအောင်ပိုင်က ပြောသည်။ 

အသက်(၃၄)နှစ်အရွယ် ဒန်နီရယ်သည် ယခုနှစ်ဘောလုံးရာသီအစတွင် ရှမ်းအသင်းနှင့် ငါးလသက်တမ်း စာချုပ်ထားခြင်းဖြစ်ပြီး ဧပြီ ၃၁ ရက်က စာချုပ်သက်တမ်းကုန်ဆုံးခဲ့ကာ သက်တမ်းမတိုးဘဲ လမ်းခွဲခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ရာသီဝက်အပြောင်းအရွှေ့တွင် ဒန်နီရယ်အစားခံစစ်ပိုင်း အားဖြည့်ခေါ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးအောင်ပိုင်က ဆိုသည်။

"ဒန်နီရယ်အစား ကစားသမားသစ် ပြန်ခေါ်ဖို့စီစဉ်နေပါတယ်။ ပြည်ပကစားသမားက နိုင်ငံခြားသားသုံးဦး ခေါ်ပြီးသား ဖြစ်လို့ အာရှသားနောက်ခံလူတစ်ဦးကို ခေါ်ဖို့ စီစဉ်တာပါ။COVID-19 ကြောင့် လတ်တလောခေါ်ဖို့တော့ အခက်အခဲရှိနေတယ်။ ပြည်ဝင်ခွင့်တွေပြန်ဖွင့်ပြီး ပြိုင်ပွဲ ပြန်စခါနီးဆိုရင်တော့ ခေါ်နိုင်ဖို့မျှော်မှန်းထားပါတယ်။ လက်ရှိကစားသမားတွေကို ချိတ်တက်မှုတွေပြုလုပ်ထားတယ်"ဟု ၎င်းကပြောသည်။ 

ရှမ်းယူနိုက်တက်သည် ယခုနှစ်ဘောလုံးရာသီတွင် ပြည်ပကစားသမားလေးဦးခေါ်ယူထားပြီး လက်ရှိတွင် ဒန်နီရယ်နှင့် လမ်းခွဲခဲ့သည့်အတွက် လိုက်ဘေးရီးယားတိုက်စစ်မှူး ကိဘ်၊ အိုင်ဗရီကို့စ် ကွင်းလယ်လူ မက်ဆီမန်နှင့် ကင်မရွန်း နောက်ခံလူ အဘူဘာကာတို့သုံးဦးသာ ကျန်ရှိမည်ဖြစ်သည်။

မြန်မာလိဂ် ဒုတိယအကျော့ ရာသီဝက်အပြောင်းအရွှေ့ကာလကို ဇွန်လ ၁ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားကြောင်း လိဂ်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

ချစ်ဝိုင်း