News

POST TYPE

LATEST NEWS POST

ဒေါ့တ်မန်ဂိုးသမား ရိုမန်ဘာကီ ကိုပေါင် ၁၅သန်းဖြင့်ခေါ်ယူရန် ချဲလ်ဆီးအသင်း အဆင်သင့်ဖြစ်
29-May-2020


လန်ဒန်၊ မေ ၂၈

ချဲလ်ဆီးအသင်းသည် အဓိကဂိုးသမားကီပါ၏ နေရာတွင်အစားထိုးရန်အတွက် ဒေါ့တ်မန်ဂိုးသမား ရိုမန်ဘာကီကို ခေါ်ယူရန် အဆင်သင့်ဖြစ်နေကြောင်း The Sun ကဖော်ပြခဲ့သည်။ 

ရိုမန်ဘာကီသည် ဒေါ့တ်မန်အသင်းတွင် ဦးစားပေးဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရနေသော်လည်း အသင်းနှင့်စာချုပ် သက်တမ်း တစ်နှစ်သာကျန်ရှိသူဖြစ်သောကြောင့် ချဲလ်ဆီးအသင်းအနေနှင့် ၎င်းအားနည်းပါးသည့်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြင့် ခေါ်ယူနိုင်ဖွယ်ရာရှိနေသည်။ 

နည်းပြလမ်းပတ်ဘက်မှ လက်ရှိဂိုးသမား ကီပါကိုရောင်းချသွားရန်စီစဉ်နေပြီး  အသက် ၂၉ နှစ်အရွယ် ရိုမန်ဘာကီနှင့် အစားထိုးရန် ရှိနေသည်။ 

ချဲလ်ဆီးမှ ကော်တိုရစ်ထွက်ခွာချိန်တွင် ဘီလ်ဘာအိုမှ ကီပါအားမြင့်မားသည့် ပြောင်းရွှေ့ကြေး ပေါင် ၇၂သန်းဖြင့် ခေါ်ယူ ခဲ့သော်လည်း ယခုရာသီနောက်ပိုင်းပွဲစဉ်များတွင် ပရိသတ်များက စပိန်ဂိုးသမား၏ လက်စွမ်းအပေါ် ဝေဖန်ခဲ့ကြသလို နည်းပြ လမ်းပတ်ကိုယ်တိုင်ကလည်း ဇန်နဝါရီမှ ဖေဖော်ဝါရီအတွင်းကစားခဲ့သည့် လက်စတာ၊ မန်ယူ၊ စပါး၊ ဘိုင်ယန်မြူးနစ်တို့နှင့် ပွဲစဉ်များတွင် ကီပါအားပွဲထွက်လူစာရင်း မှချန်လှပ်ခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ကာဘယ်လီယိုကို ပွဲထုတ်ခဲ့သည်။ 

အသင်းသို့ရောက်လာပြီးနောက်ပိုင်း အမှားများခဲ့သည့် ကီပါကိုပြန်လည်ရောင်းချရန် စီစဉ်ထားသော်လည်း ၎င်းအားခေါ်ယူလိုသည့် ထိပ်တန်းကလပ်မရှိခြင်းကြောင့် ချဲလ်ဆီးအခက်တွေ့ဖွယ်ရှိဟု အခြားသတင်းတစ်ရပ်က ဖော်ပြခဲ့သည်။ 

ကီပါမှာ ချဲလ်ဆီးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်သည်။                   

ငြိမ်းပြည့်