News

POST TYPE

LATEST NEWS POST

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းလျှော့ချ
28-May-2020


မန္တလေး၊ မေ ၂၇

ယခုခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် အတိုးနှုန်းလျှော့ချထုတ်ချေးပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

COVID-19 ကြောင့် တောင်သူများ အဆင်ပြေစေရန် အတိုးနှုန်းများလျှော့ချပေးခြင်းဖြစ်ကြောင်း၊ မူလက ငွေတစ်ရာလျှင် အတိုး ၈ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ ယခုတွင် ငွေတစ်ရာလျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းသို့ လျှော့ချပေးလိုက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောကြားသည်။

"ကိုဗစ်ကြောင့် ဖြေလျှော့ပေးထားတာလေ။ ဒီချေးငွေတွေကို ပြန်ဆပ်ရမယ့်ရက်ကတော့ လာမယ့်နှစ် ဧပြီ ၁၅ နောက်ဆုံးထား ဆပ်ပေးရတယ်။ ဒီလို ထုတ်ထုတ်ချေးတဲ့နေရာမှာ မိုးချေးငွေက ပမာဏအများဆုံးပဲ။ မိုး၊ ဆောင်း၊ မိုးကြို ရှိတဲ့အထဲမှာ မိုးချေးငွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လယ်သမားအကုန်လုံး စိုက်ကြတာပေါ့" ဟု ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းအတွက် ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၁၆၂ ဒသမ ၉၆ ဘီလီယံ ထုတ်ချေးပေးရန် လျာထားကြောင်း၊ မိုးရာသီချေးငွေများကို မေလ ၁၅ ရက်နေ့မှစတင်၍ ထုတ်ချေးပေးနေရာ မေလတတိယပတ်ထိ ကျပ် ၂၄၈၁ ဒသမ ၅၅ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ချေးငွေများကို စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

ယင်းသို့ထုတ်ချေးရာတွင် စပါးတစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်၊ အခြားသီးနှံတစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊  မန္တလေးတိုင်းတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၇ ဒသမ ၅၆ ဘီလီယံ ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။ 

ရတီ