News

POST TYPE

LATEST NEWS POST

ပလက်ဝတံတားစီမံကိန်း ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ဇွန်လဆန်းတွင်ဖွင့်ရန်စီစဉ်
28-May-2020


တောင်ငူ၊ မေ ၂၇

ကရင်ပြည်နယ် သံတောင်ကြီးမြို့ နှင့်ဆက်သွယ်ထားသည့် တောင်ငူ-ဘောကလိကားလမ်းပေါ်ရှိ ပလက်ဝတံတားကို ၂၀၁၇ ခုနှစ်ခန့်ကစ၍အသစ် ပြန်လည်တည်ဆောက်ခဲ့ရာ ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ဇွန်လဆန်းပိုင်းတွင်ဖွင့်ရန် စီစဉ်ထားကြောင်း သောက်ရေခပ်ရေအားလျှပ်စစ်စီမံကိန်းမှ မန်နေဂျာတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ်အရှေ့ဘက်ရှိ သောက်ရေခပ်ရေအားလျှပ်စစ်စီမံကိန်း အမှတ် ၂ တည်ဆောက်စဉ်က ရေနစ်မြုပ် ဧရိယာတွင်ပါဝင်ခဲ့သည့်အတွက် ပလက်ဝတံတားကို အသစ်ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

"ဆောက်လုပ်ရေးဝန်ကြီးဌာနက ဇွန်လ ၆ ရက်နေ့လောက် ဖွင့်ပွဲလုပ်ဖို့စာပေးပို့ထားပါတယ်။ ဒါ့ကြောင့် ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ချိတ်ဆက်ပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ရက်အတိအကျတော့ နှစ်ဖက်အတည်ပြုချက် မရသေးပါဘူး" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါပလက်ဝတံတားသည် သံကူကွန်ကရစ်တံတားဖြစ်ပြီး ချဉ်းကပ်လမ်းအပါအဝင် ပေ ၁၀ဝ၀ ရှိကာ အမြင့် ၆၅ မီတာ (၁၉၅ ပေ) ရှိသည့်အတွက် သောက်ရေခပ်ဆည်ရေဝပ်ဧရိယာ၏ အမြင့်ဆုံးအနေအထား၌ပင် တံတားရေမြုပ် ရန်မဖြစ်နိုင်ကြောင်း၊ သံဘောင်ဆက် သည့်စနစ်မှာလည်း ခါးချင်းချိတ်ဆက်သည့်အနေအထားဖြစ်နေခြင်းကြောင့် ကြံ့ခိုင်မှုအဆင့်မြင့်မားသည်ဟု တံတား တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဗစ်တာစီဇာကိုက ယမန်နှစ် ဇူလိုင်လက ပြောကြားခဲ့ဖူးသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သည့် ရွှေစွမ်းအင်ကုမ္ပဏီနှင့် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀ဝ၈ ခုနှစ်ခန့်က MoU ထိုးကာ ယင်းနှစ်မှာပင် သောက် ရေခပ်ရေအားလျှပ်စစ်စီမံကိန်းအမှတ် ၂ ကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ တည်ဆောက်နေစဉ် ၂၀၁၂  ခုနှစ်ခန့်က ရေနစ်မြုပ်ဧရိယာတွင်ပါဝင်သွားခဲ့သည့်အတွက် ပလက်ဝတံတားဟောင်းကို ဖျက်သိမ်းခဲ့ရသည်။

"၂၀၁၂ ခုနှစ်လောက်ကတည်းက ဆိုင်ကယ်တွေ၊ ကားတွေကို ဖောင်တွေနဲ့ဟိုဘက်ကမ်း ဒီဘက်ကမ်းကို အခမဲ့ပို့ပေးတယ်။ တံတားမရှိတော့ ဖောင်တွေနဲ့ကမ်းကူးရင် အချိန်နည်းနည်းပိုကုန်တယ်။နောက်ပြီး ညရေးညတာအတွက်ဆို ကျန်းမာရေးလိုကိစ္စပဲ ပေးဖြတ်တယ်" ဟု နေ့စဉ်ကုန်စည်ကူးသန်းရောင်းဝယ်နေသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ပလက်ဝတံတားဟောင်းသည် သောက်ရေခပ်ဆည်၏ ရေနစ်မြုပ်ဧရိယာထဲတွင်ပါဝင်နေသည့်အတွက် ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း စီမံကိန်းဒါရိုက်တာများက ဒေသခံများကိုပြောကြား အသိပေးခဲ့စဉ်က တံတားသစ်ကြီးတစ်ခု အမြန်ဆုံးပြန်ဆောက်ပေးမည်ဟု ကတိ ပေးခဲ့ကြသော်လည်း ငါးနှစ်နီးပါးခန့်ကြာမှသာ စတင်တည်ဆောက်ပေးခဲ့ကြောင်း ဘောကလိဒေသခံတစ်ဦးကပြောဆိုသည်။

လက်ရှိတွင် မြေယာသိမ်းဆည်းခံခဲ့ရသူများကို မြေယာနစ်နာကြေး၊ သီးနှံလျော်ကြေးများပေးအပ်ခဲ့ပြီးဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။   

R-02