News

POST TYPE

LATEST NEWS POST

ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်သော်လည်း NCA လမ်းကြောင်းအတိုင်း ဆက်သွားမည်ဟု အပစ်ရပ်ထိုး ကရင်ငြိမ်းချမ်းရေးကောင်စီ ထုတ်ပြန်
28-May-2020
ရန်ကုန်၊ မေ  ၂၇

ပြီးခဲ့သည့်ရက်ပိုင်းက ထိပ်ပိုင်းခေါင်းဆောင်အချို့ အပြောင်းအလဲပြုလုပ်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) အဖွဲ့အနေနှင့် NCA လမ်းကြောင်းအတိုင်း ဆက်လက်သွားမည်ဖြစ်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အနေနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့လည်းဖြစ်ကာ ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ အဆိုပါအဖွဲ့၏ ဗဟိုဌာနချုပ်တွင် ဗဟိုကော်မတီနှင့် တပ်မှူးများ အစည်းအဝေးပြုလုပ်ခဲ့ကာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့က KNU/ KNLA  ငြိမ်းချမ်းရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောဌေးမောင်သည် ကရင်ပြည်နယ် ထို့ကော့ကိုးကျေးရွာတွင် ကွယ်လွန်သွားခဲ့ပြီး အဆိုပါကွယ်လွန်သွားသည့် ဥက္ကဋ္ဌနေရာတွင် လက်ရှိဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်စောယဉ်နုကို ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီးစောဌေးမောင်သည် NCA စာချုပ်တွင် ကိုယ်တိုင်လက်မှတ်ဝင်ထိုးခဲ့သူတစ်ဦးလည်းဖြစ်ကာ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီကို တည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌအသစ်အဖြစ် ဗိုလ်ချုပ်စောယဉ်နုကို မေလ ၂၆ ရက်နေ့က တရားဝင်ခန့်အပ်ခဲ့ပြီး အခြားရာထူးများဖြစ်သည့် စစ်ရေးချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး အစရှိသည့် ထိပ်တန်းခေါင်း ဆောင်ပိုင်းရာထူးများကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အနေနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီးသား ဖြစ်သည့်အတွက် အဖွဲ့အစည်းကို ဦးဆောင်သည့် ထိပ်ပိုင်းခေါင်းဆောင်အချို့ အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို ချမှတ်ထားသည့်မူဝါဒများ အပြောင်းအလဲတစ်စုံတစ်ရာ မရှိဘဲ နောက်မျိုးဆက်သစ်များအတွက် အမွေကောင်းတစ်ခုဖြစ်စေနိုင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ် စဉ်တွင်သော်လည်းကောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်သော်လည်းကောင်း သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အခြားညီနောင်တိုင်းရင်းသားများနှင့်အတူ လက်တွဲပြီး NCA လမ်းကြောင်းအတိုင်း စိတ်ရင်း စေတနာမှန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ထုတ်ပြန် ကြေညာခဲ့သည်။

S-04