News

POST TYPE

LATEST NEWS POST

လပွတ္တာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် အိမ်ခြောက်လုံး မီးလောင်ဆုံးရှုံး
28-May-2020
ဓာတ်ပုံ-ခရိုင်မီးသတ်

ပုသိမ်၊ မေ ၂၇

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ဆားကျင်းကျေးရွာအုပ်စု ရေဆိုင်ကုန်းကျေးရွာတွင် မေ ၂၆ ရက်နေ့ ညသန်းခေါင် (မေ ၂၇ ရက် နံနက်) က မီကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ခဲ့သောကြောင့် အိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းကျေးရွာတွင်နေထိုင်သူ အသက် ၃၂ နှစ်အရွယ် ဦးအောင်ကျော်မင်း၏နေအိမ် မီးဖိုဆောင်ရှိ မီကြွင်းမီးကျန်မှ တစ်ဆင့် စတင်လောင်ကျွမ်းသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ မီးလောင်မှုကြောင့် ၁၅ ပေ ထ ၃၇ ပေရှိ ဓနိမိုး ၊ ဓနိကာ၊ ပျဉ်ခင်း အိမ်ခြောက်လုံး မီးလောင်ပျက်စီးကာ ကာလတန်ဖိုး ၃,၇၃၇,ဝ၀ဝ ဆုံးရှုံးပြီး လူ ၃၄ ဦး မီးဘေးသင့်ခဲ့ကြောင်း လပွတ္တာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့်က The Voive Daily သို့ ပြောဆိုသည်။

"လူ၊ တိရစ္ဆာန် သေတာ၊ ပျောက်တာမရှိပါဘူး။ ၁၈ နှစ်အောက်ကလေး ကျား ၉ ဦး၊ မ ၄ ဦး၊ လူကြီး ကျား ၉ ဦး၊ မ ၁၂ ဦး မီးဘေးဒုက္ခသည်ဖြစ်ရတယ်၊ မီးကတော့ ည ၁ နာရီ ၂၀ မှာ ငြိမ်းသွားပါတယ်" ဟု ၎င်းကရှင်းပြသည်။

ဓာတ်ပုံ-ခရိုင်မီးသတ်

မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်တစ်စီး၊ အသေးစားမီးသတ်စက်တစ်လုံးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အဖြူရောင် လူမှုကူညီရေးအဖွဲ့ဝင်များနှင့် ဒေသခံများက ဆားကျင်းချောင်းရေကို အသုံးပြု ငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံ ဦးစိုးသီဟမင်းက ပြောဆိုသည်။

လပွတ္တာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုး၊ ဆန်ရိက္ခာတစ်ပတ်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးစသည်တို့အတွက်  ကျပ် ၅၆၃,ဝ၀ဝ ကို မေလ ၂၇ ရက်နေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြား သည်။

မီးပေါ့ဆစွာအသုံးပြုသူ အသက်  ၃၂ နှစ်ရှိ ဦးအောင်ကျော်မင်းကို လပွတ္တာမြို့မရဲစခန်းက မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပြီး မီးဘေးသင့် ဒုက္ခသည် ၃၄ ဦးကို ယင်းကျေးရွာရှိ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့နေရာချထားပေးကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-04