News

POST TYPE

LATEST NEWS POST

အဝေးပြေးရထားခရီးစဉ်အချို့ မနက်ဖြန် စနားမည်
09-Apr-2020


ရန်ကုန်၊ဧပြီ ၉

ရန်ကုန်မြို့မှပြေးဆွဲနေသည့် အဝေးပြေးရထားခရီးစဉ်အချို့ကို သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည့် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ရပ်နားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အဆိုပါ သင်္ကြန်ရုံးပိတ်ရက်တွင် ခရီးသည်များ အဆင်ပြေစေရန်အတွက် ရန်ကုန်-မန္တလေးခရီးစဉ်အဖြစ် အမှတ် ၁၁ အဆန်၊ ၁၂ အစုန်ရထား၊ မန္တလေး-မြစ်ကြီးနားခရီးစဉ် ၄၁ အဆန်၊၄၂ အစုန်ရထား၊ ရန်ကုန်-မော်လမြိုင်ခရီးစဉ်တွင် ၈၉ အဆန်၊ ၉၀ အစုန်ရထား၊ရန်ကုန်-ပြည်ခရီးစဉ်တွင် ၆၃ အဆန်၊၆၄ အစုန်ရထားများသာ နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ (တိုင်းအမှတ်-၇) မန်နေဂျာဦးဇော်လွင်က ပြောကြားသည်။

ထို့ပြင် ပုသိမ်-ကြံခင်းလမ်းပိုင်းတွင် အမှတ် ၁၈၅ အဆန်၊၁၈၆အစုန် ရထား၊ နေပြည်တော်-တောင်တွင်းကြီး-ကျောက်ပန်းတောင်း-ချောက်လမ်းပိုင်းတွင် ၁၀၁ အဆန်၊ ၁၀၂ အစုန်ရထားများ နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

" ဧပြီ ၁ဝ ရက်ကနေ ၁၉ ရက်အထိ အဝေးပြေးရထားများပြေးဆွဲမှုခရီးစဉ်အချို့ယာယီရပ်ဆိုင်းမယ်။ နေပြည်တော်-ရန်ကုန် ခရီးစဉ်ကတော့ ဒီပိတ်ရက်အတွင်း လုံးဝရပ်ဆိုင်းမှာပါ"ဟု မြန်မာ့မီးရထားမှ (တိုင်းအမှတ်-၇) မန်နေဂျာဦးဇော်လွင်က ပြောဆိုသည်။

ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတို့တွင် ကုန်အတင်/အချရှိပါက ကုန်ရထားများပြေးဆွဲရန်နှင့် စားကုန်သောက်ကုန်များရှိပါက ပါဆယ်ရထားများ ပြေးဆွဲရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ ထပ်မံ သိရသည်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထားအနေနှင့် လတ်တလောဖြစ်ပေါ်နေသည့် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏မူဝါဒလမ်းညွှန်မှုများနှင့်အညီ ရထားပြေးဆွဲမှုများကို ထိန်းချုပ် ကွပ်ကဲနေခြင်းဖြစ်သည်။

S-05