News

POST TYPE

LATEST NEWS POST

မူဆယ်တွင် သစ်သီးတင်ယာဉ်များနယ်စပ်ဖြတ်ကျော်ရာတွင် အစားထိုးယာဉ်မောင်းကိုသာ ဝင်ခွင့်ပြု
07-Apr-2020


ရန်ကုန်၊ ဧပြီ ၇

တရုတ်နိုင်ငံဘက်မှ Covid-19 ရောဂါထိန်းချုပ်ရေးစီမံချက်အရ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် မြန်မာဘက်မှ ဖရဲ-သခွားတင်ဆောင်လာသည့်မော်တော်ယာဉ်များနယ်စပ်ဖြတ်ကျော်ရာတွင် ဧပြီ ၈ ရက်နေ့မှ စတင်ကာ အစားထိုးယာဉ်မောင်းဖြင့်သာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

ဧပြီ ၈ ရက်နေ့မှစတင်ကာ ၎င်းတို့သတ်မှတ်ထားသည့် အစားထိုးယာဉ်မောင်းကိုသာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်ကစီစဉ်ထားသည့် အစားထိုးယာဉ်မောင်းဖြင့် မောင်းဝင်ရမည်ဖြစ်ကာ အစားထိုးယာဉ်မောင်းကြောင့်ဖြစ်ပေါ်လာသည့်ပြဿာနာအရပ်ရပ်ကို သစ်သီးဝလံကုန်စည်ဒိုင်က တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

“သူ့ဘက်က အရေးကြီးဆုံးကျန်းမာရေးစီမံချက်ဖြစ်နေပါတယ်။ အကျပ်အတည်းကြားထဲက မဖြစ်မနေဖွင့်ပေးနေရတာက ကိုယ့်အတွက် ဖရဲ-သခွား-သရက်ကုန်စည်ထွက်ပေါက်လေးရနေတာပါ။ ယာဉ်မောင်းအစားထိုးဖို့ မြန်မာဒရိုင်ဘာတွေရှာပေးမယ်။ ထိခိုက်ပျက်စီးမှုတာဝန်ယူဖြေရှင်းပေးမယ် ပြင်ဆင်ချိန်နည်းနည်းနဲ့ အခက်အခဲမဖြစ်အောင်ကြိုးစားနေတာက တောင်သူထွက်ကုန်တွေ စျေးကွက်ထဲရောက်ဖို့ပါ” ဟု မူဆယ် ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌဦးစိုင်းခင်မောင်က ပြောကြားသည်။

လက်ရှိတွင် ဖရဲ-သခွားစျေးကွက်သည် အရည်အသွေးအလိုက်ပေါက်စျေးထက် ကြိုက်စျေးနှင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြန်မာ-တရုတ်နယ်စပ်ယာဉ်ဝင်ထွက်မှုအခြေအနေမှာ ပုံမှန်သာရှိကြောင်း ခွာညိုသစ်သီးပွဲရုံထံမှ သိရသည်။

ဧပြီလ ၇ ရက်နေ့တွင် ၈၅၅ အမျိုးအစား ဖရဲစီးပြတ်စျေးနှုန်းမှာ တရုတ်ငွေယွမ် ၇၀၀၀ မှ ၂၂၀၀၀၊ အဖြူသီးစီးပြတ်စျေးမှာ ယွမ် ၁၅၀၀၀ မှ ၂၅၀၀၀၊ ထဲန်ဝမ်ဖရဲများအကြီးစစီးပြတ်စျေးနှုန်းမှာ ယွမ် ၂၃၀၀၀ မှ ၃၂၀၀၀၊ ရွှေသခွားတစ်ကီလိုလျှင် ၁ ဒသမ ၈ ယွမ်မှ ၃ ဒသမ ၈ ယွမ်၊ ရွှေဖရဲတစ်ကီလိုလျှင် ၃ ယွမ်မှ ၄ ယွမ်ပေါက်စျေးရှိကြောင်း ယင်းပွဲရုံထံမှ သိရသည်။ S - 07