News

POST TYPE

LATEST NEWS POST

မောင်တော-ကျီးကန်းပြင်သွား ကားလမ်းပေါ်၌ မိုင်းပေါက်ကွဲ
07-Apr-2020


ရန်ကုန်၊ ဧပြီ  ၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မောင်တော-ကျီးကန်းပြင်သွားသည့် ကားလမ်းပေါ်တွင် ဧပြီလ ၅ ရက်နေ့က မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် တပ်ဖွဲ့ဝင်များသည် မောင်တော-ကျီးကန်ပြင်သွား ကားလမ်းပေါ်ရှိ ကျီးကန်းပြင် (တောင်ရွာ) အနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့သည့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ပြီး မော်တော်ယာဉ်တစ်စီးထိခိုက်မှုရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ မိုင်းပေါက်ကွဲခဲ့သည့်နေရာတွင် လက်နက်ငယ်ကျည် ထိမှန်ထားသော PRO-BOX အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ ကားလမ်းပေါ်၌ အကျယ် ၈ ပေ၊ အနက် ၄ ပေခန့်ရှိ မြေကျင်းတစ်ကျင်း၊ ၎င်းအနီးမှ ၁ဝ ပေခန့်ရှိ ဝိုင်ယာကြိုးတစ်ချောင်း၊ အေကေလက်နက်ငယ်ကျည်ခွံတစ်ခွံတို့ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ မော်တော်ယာဉ်ပိုင်ရှင်အား စုံစမ်းရာ အောင်မင်္ဂလာကျေးရွာနေ ဦးထွန်းရွှေ(ဘ) ဦးနုထွန်းအောင် ပိုင်ဆိုင်ကြောင်း သိရှိရသဖြင့် ၎င်းအား သွားရောက်ခေါ်ဆောင်၍ စိစစ်မေးမြန်းရာ ၎င်းသည် ကျေးရွာမှ မောင်တောမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အဆိုပါ နေရာအရောက်၌ မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်မှာ ကားလမ်းဘေး လယ်ကွင်းစပ်သို့ ထိုးကျသွားခဲ့ကြောင်း၊ ထို့နောက် ၎င်းသည် ကြောက်လန့် ထွက်ပြေးသွားခဲ့ပြီး ဧပြီ ၆ ရက် နံနက် ၇ နာရီခွဲခန့်တွင် မိသားစုနှင့် အဆက်အသွယ် ရခဲ့ခြင်းဖြစ်ကြောင်း ၎င်းအနေနှင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရှိခဲ့မှုမရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မောင်တောနှင့် ကျီးကန်းပြင် ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း အရပ်ဝတ် ဝတ်ဆင်ထားသည် မသင်္ကာဖွယ်လူနှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ရာတွင် ဒေသန္တရ လက်လုပ်မိုင်းနှစ်လုံးကို ပစ်ချထွက်ပြေးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားထားခဲ့ပြီး လက်ရှိတွင် အဆိုပါဖြစ်စဉ်နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေကြောင်းလည်း သိရသည်။

S-04