News

POST TYPE

LATEST NEWS POST

ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်က ရပ်‌ကျေးအုပ်မှူးကို တုတ်နှင့်ရိုက်
07-Apr-2020

ဓာတ်ပုံ-ကိုဖြိုး

တောင်ငူ၊ဧပြီ ၇

ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာ အထက်တန်းကျောင်းရှိ ကိုဗစ်စောင့်ကြည့်ရေးစခန်းတွင် ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးကို ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်က တုတ်နှင့်ရိုက်နှက်ခဲ့သဖြင့် အမှုဖွင့်ခံထားရသည်ဟု နတ်သံကွင်းနယ်မြေရဲစခန်းထံမှ သိရှိရသည်။

``လွှတ်တော်ကိုယ်စားလှယ်က တုတ်နဲ့ရိုက်တယ်ဆိုပြီး အမှုဖွင့်ထားတယ်။လွှတ်တော်ကိုယ်စားလှယ်ကလည်း မနေ့ကအရိုက်ခံရတဲ့  အုပ်ချုပ်ရေးမှူးကို အမှုဖွင့်ပြန်ဖွင့်ထားတာရှိပါတယ်´´ဟု နတ်သံကွင်းနယ်‌မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအထက်တန်းကျောင်းရှိ Covid-19 စောင့်ကြည့်ရေးစခန်းတွင် ဧပြီလ ၆ ရက် မွန်းလွဲပိုင်းက   ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင် (၅၄ နှစ်) နှင့်ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်မှ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး (၅၀ နှစ်)တို့ စကားများရန်ဖြစ်ရာမှ တင်ဆန်းဦးက တုတ်နှင့်ရိုက်နှက်ခဲ့သဖြင့် ဦးသန်းလွင်သည် ဦး
ခေါင်း‌ပေါက်ပြဲဖူးယောင်ဒဏ်ရာများရရှိခဲ့သည် ဟု ‌ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါနေ့က စောင့်ကြည့်ရေးစခန်းတွင်ထိုင်၍ အင်တာနတ်ကြည့်နေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင်သည် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး "မင်းလားကွ ငါ့ကိုအမှုဖွင့်တာ"ဟုဆိုကာ တုတ်ဖြင့်ရိုက်နှက်ခဲ့သည့်အတွက် အနီးရှိ  ဓာတ်ဘူးဖြင့်တားဆီးကာကွယ်ပြီး ၎င်းကိုင်ထားသည့်တုတ်ကိုလု၍ ဖမ်းဆီးခဲ့ခြင်းသာဖြစ်သည်ဟု ကျောက်ကြီးမြို့နယ်မှ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး
က တုန့်ပြန်ပြောဆိုသည်။

``ကန့်ထဲလာပြီး ကျွန်တော့်ကို ဆဲဆိုတဲ့အပြင် အော်ဟစ်ဆူပူမှုခဏခဏလုပ်လို့ အခင်းဖြစ်နေ့မှာ ကျွန်တော်ကအမှုဖွင့်ထားတာကို မကျေနပ်လို့လုပ်တဲ့သဘောပါ´´ဟု ၎င်းက ဆက်လက်
ပြောကြားသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဦးတင်ဆန်းဦးကို  နတ်သံကွင်းနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၂၆ ဖြင့်အမှုဖွင့်ထားသကဲ့သို့ ဦးသန်းလွင်ကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄ ဖြင့် အမှုဖွင့် စစ်ဆေးထားသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။ R-02