News

POST TYPE

LATEST NEWS POST

အများပြည်သူ ထိတ်လန့်စေရန် သတင်းအမှားရေးသားသူများကို ဖမ်းဆီးမည်
02-Apr-2020

ပုသိမ်မြို့ရှိ ဈေးများပိတ်သည် ကောလဟာလသတင်းအမှားဖြစ်ပေါ် ဈေးများမပိတ်ကြောင်းလိုက်လံကြေညာနေပုံ

ပုသိမ် ၊ ဧပြီ ၂

အများပြည်သူ ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် ကောလဟာလ သတင်းအမှားကို ဆိုရှယ်မီဒီယာများနှင့် အခြားသောနေရာများမှ ထုတ်ပြန်ခြင်း ၊ရေးသားခြင်း ပြုလုပ်သူများကို တည်ဆဲဥပဒေများအရ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ မတ် ၃၁ ရက်မွန်းလွဲပိုင်းက သတင်းထုတ်ပြန်လိုက်သည်။

Covid-19 အရေးပေါ်ကာလအတွင်း ဈေးပိတ်မည် ၊လမ်းပိတ်မည် ၊မြို့ပိတ်မည် ဆိုသည့် သတင်းအမှားများနှင့် အခြားသောကောလဟာလများကိုဖြန့်ချိမှုကြောင့် အများပြည်သူအကြား ကြောက်ရွံ့ထိတ်လန့်မှု ၊ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေပြီး အများပြည်သူတို့၏ လူမှုရေး ၊စီးပွားရေး ၊ ကျန်းမာရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသောကြောင့် ယခုကဲ့သို့ သတင်းထုတ်ပြန်ခြင်းဖြစ်သည်ဟု အစိုးရအဖွဲ့ကဆိုသည်။

အများပြည်သူအတွက် လူမှုအခက်အခဲများဖြစ်ပေါ်လာကာ တည်ငြိမ်အေးချမ်းရေး ထိခိုက်လာသောကြောင့် မတ် ၃၀ ရက္က ဖွဲ့စည်းသော ပြည်ထောင်စုအဆင့် Covid-19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ဆောင်ရမည့်အချက်များတွင် ပါဝင်သောပြည်သူများအကြား ကြောက်လန့်တကြားဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်စာမျက်နှာများနှင့် အခြားနေရာများမှ ကောလဟာလ သတင်းအမှားများ ဖြန့်ချိနေသူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရန်ဟူသည့် လုပ်ငန်းတာဝန်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် ကပြောသည်။

"ကောလဟာလ သတင်းအမှားတွေကြောင့် ပြည်သူတွေက စားသောက်ကုန်နဲ့ဆေးပစ္စည်းများကို လိုတာထက္ပိုမို ဝယ်ယူကြတယ် ၊ ကုန်ဈေးနူန်းမတည်ငြိမ်တာ ဈေးနှုန်းမြင့်တာဖြစ်လာပြီး ပြည်သူတွေအတွက် အဆင့်ဆင့်သော ဝန်ကြီးဌာနတွေမှာ တာဝန်ရှိနေတာကြောင့် သတင်းအမှားဖြန့်ချိနေသူတွေကို
တည်ဆဲဥပဒေအရ ဖမ်းဆီးအရေးယူတော့မှာပါ။ကောလဟာလ သတင်းအမှားတွေ မဖြန့်ကြပါနဲ့လို့ပြောလိုပါတယ်"ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်သတင်းမှန်များကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၊သတင်းမီဒီယာဌာနများ အနေနှင့် နေ့စဉ်မွန်းလွဲ  ၁ နာရီမှစတင်၍ တိုင်းအစိုးရရုံးတွင် သတင်းလာရောက်ယူနိုင်ကြောင်း တိုင်းအစိုးရ၏သတင်းမီဒီယာဆက်ဆံရေးအတွက် တာဝန်ယူထားသူ လျှပ်စစ် ၊စွမ်းအင် ၊စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောသည်။

ပြည်ထောင်စု အဆင့် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီကို မတ် ၃၀ ရက်နေ့က စတင်ဖွဲ့စည်းပြီး ဒုတိယသမ္မတ (၁) က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ကာ တပ်မတော် (ကြည်း ၊ေရ ၊ေလ)ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် ဝန်ကြီးများက အဖွဲ့ဝင် ၊ အတွင်းရေးမှူး ၁ အဖြစ် ပြည်ထောင်စုအစိုးရရုံးဝန်ကြီးနှင့် အတွင်းရေးမှူး ၂ အဖြစ် ပြည်ထဲရေးဝန်ကြီးတို့ဖြင့် ဖွဲ့စည်းထားကြောင်း တိုင်းဒေသကြီးအစိုးရရုံးက သိရသည်။

R-04