News

POST TYPE

LATEST NEWS POST

ဧရာဝတီတိုင်းအတွင်းရှိ ဈေးများကို မည်သည့်အခြေနေမျိုးမှာမှ လုံးဝပိတ်မည် မဟုတ်
01-Apr-2020


ပုသိမ်၊ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ စည်ပင်သာယာရေး အဖွဲ့၏ ကွပ်ကဲကြီးကြပ်မှုအောက်မှ ဈေးများအား Covid-19 ရောဂါ မည်သည့်အခြေအနေမျိုးသို့ ရောက်နေသည်ဖြစ်စေ လုံးဝပိတ်မည် မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ မတ် ၃၁ ရက်က သတင်းထုတ်ပြန်လိုက်သည်။ 

လက်ရှိ အခြေအနေတွင် စက်ရုံအလုပ်ရုံများပိတ်ခြင်း အလုပ်ခွင်အတွင်းမှ လုပ်သားဦးရေ လျော့ချခြင်းများကြောင့် ဒေသတွင်း၌ အလုပ်လက်မဲ့တိုးပွားလာခြင်း၊ တစ်နေ့လုပ်တစ်နေ့စား ဘဝသမားများနှင့် အခြေခံအကျဆုံး ပြည်သူတစ်ရပ်လုံး စားဝတ်နေရေး ပိုမိုခက်ခဲသွားနိုင်ခြင်းတို့ကြောင့် ဈေးများပိတ်ခြင်းကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

"အရောင်းအဝယ်တွေ မရှိတော့လို့ တစ်နေ့တာစားစရာမရှိရင်တော့ အင်မတန်ကြီးမားတဲ့ ဂယက်ကိုရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ပြည်သူလူထု စားဝတ်နေရေးထိခိုက်မယ့် ကိစ္စမှန်သမျှကို မလုပ်မိဖို့ အင်မတန်အရေးကြီးပါတယ် ရောဂါကာကွယ်ရေး သာမက ပြည်သူလူထုရဲ့ စားဝတ်နေရေးကလည်း အရမ်းကို အရေးကြီးပါတယ်၊ ဈေးကိုတော့ ဘယ်တော့မှ မပိတ်ဘူးလို့ ပြောချင်ပါတယ်" ဟု ၎င်းက ဆိုသည်။ 

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှု အောက်ရှိ ဈေးများတွင် လက်ဆေးရန်စင် စီဆင်ပေးထားခြင်း နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးခြင်း ပိုးမွှားသန့်ရှင်းရေးအတွက် ဆေးဖျန်းခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိကြောင်း နေမကောင်းသည့်သူများ ဈေးရောင်းခြင်းမပြုရန်နှင့် နေမကောင်းသူများ ဈေးလာမဝယ်ကြရန် ဈေးများတွင် အသိပေး ဗွီနိုင်း ကပ်ထားကာ ဈေးတာဝန်ရှိသူများက လိုက်လံအသိပေးကြေငြာခြင်းဖြင့် ဈေးမှတဆင့်ကူးဆက်မှုမဖြစ်ပွားစေရန် ဆောင်ရွက်ထားကြောင်း တိုင်းဒေသကြီး သာယာရေး အဖွဲ့ရုံးမှ တာဝန်ရှိသူကပြောသည်။

“ဈေးတွေပိတ်မှာကို စိုးရိမ်နေတာပါ တစ်နေ့လုပ်အားခရမှ တစ်နေ့စာဝယ်ချက် စားသောက်ရသူတွေအတွက် ဈေးပိတ်ရင် တကယ့် အခက်အခဲပါ ၊ ခုလိုဈေးတွေ မပိတ်ဘူးဆိုတာကို အစိုးရဘက်က ပြောလာတော့တစ်မျိုး စိတ်အေးရတာပေါ့၊ ကျွန်တော်တို့ကလည်း သက်ဆိုင်ရာက လိုက်နာဖို့ အသိပေးထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်” ဟု ပုသိမ်မြို့ အောင်ဧရာဈေးမှ ကုန်ခြောက်ဆိုင်ရှင် ဦးကိုလွင် ကပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မြို့နယ် ၂၆ မြို့နယ် နှင့် မြို့ ၇ မြို့တွင် စည်ပင်သာယာရေးအဖွဲ့များ၏ ကွပ်ကဲကြီးကြပ်မှုဖြင့် ဖွင့်လှစ်ရောင်းဝယ်နေသော ဈေးပေါင်း ၁၃၂ ဈေးရှိပြီး ဈေးတိုင်းတွင် Covid-19 ရောဂါကာကွယ်ရေး အသိပညာပေး ဗွီနိုင်း ဆိုင်ဘုတ်များတွေကပ်ထားကြောင်း တိုင်းအစိုးရအဖွဲ့ရုံးမှ သိရသည်။

မောင်မျိုးထက်(ပုသိမ်) R-04