News

POST TYPE

LATEST NEWS POST

ရွှေတစ်ကျပ်သား ကျပ် ၁,၁၄၀,၀၀၀ အထိ စံချိန်တင်ကျဆင်း
29-Mar-2020


ရန်ကုန်၊ မတ် ၂၉

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် အရောင်းအဝယ်များအေးစက်ကာ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၁၄၀,၀၀၀ အထိ စံချိန်တင်ကျဆင်းသွားကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းရွှေဈေးအရ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၁၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၅ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁,၀၇၃,၀၀၀ အထိ ပေါက်ဈေးရှိသည်။

မတ်လ ၂၈ ရက်နေ့တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁,၀၈၂,၅၀၀ ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်။



“လက်ရှိရွှေဈေးကွက်ကတော့ အေးပါတယ်။ အကျပိုင်းကို သွားနေပါတယ်။ ဗိုင်းရပ်စ်ကြောင့် အဝယ်လည်းပါးတယ်။ နှစ်စဉ်လည်း သင်္ကြန်နားနီးရင် အရောင်းအဝယ်အေးသွားတယ်။ လူတွေက စားသောက်ကုန်ဘက်မှာ အာရုံစိုက်နေကြတာလည်းပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးအပါအဝင် အချို့ရွှေဆိုင်များကို မတ်လကုန်ပိုင်းမှစတင်၍ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၃၀၀,၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

S-07