News

POST TYPE

LATEST NEWS POST

BBMA အသင်းကြီး၏ (၉၇) ကြိမ်မြောက် ပဋိကတ်တော်အလှူပွဲ နိုင်ငံတော်အကြီးအကဲဟောင်းများ တက်ရောက်
29-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

မြန်မာပြည် ဗုဒ္ဓဘာသာပုညကုသလ အသင်းကြီး (BBMA) ၏ (၉၇)ကြိမ်မြောက် ပဋိကတ်တော်အလှူပွဲကို နိုင်ငံတော်သမ္မတ(ဟောင်း) ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွန့်အပါအဝင် နိုင်ငံတော်အကြီးအကဲဟောင်းများတက်ရောက်ခဲ့ကြောင်း အဆိုပါအသင်း နာယက ဦးကျော်ခင်မြင့်က ပြောကြားသည်။

“ နိုင်ငံရေးအရ ဖိတ်ကြားခဲ့တာမဟုတ်ပါဘူး။ သူတို့က စာအောင်တဲ့ သံဃာတွေကို ငွေလှူထားတဲ့ အလှူရှင်တွေပါ။ အလှူရှင်တွေဖြစ်တဲ့အတွက်ကြောင့် တက်ရောက်လာခြင်းဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပဋိကတ်တော်အလှူပွဲကို ဖေဖော်ဝါရီ ၂၉ရက်က ရန်ကုန်မြို့ ၊ မင်းကွန်းတိပဋက နိကာယကျောင်းတော်တွင် ပြုလုပ်ခဲ့ပြီး  နိုင်ငံတော်သမ္မတ(ဟောင်း)ဦးသိန်းစိန် ၊ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွန့် ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးခင်ရီ နှင့် မြန်မာပြည် ဗုဒ္ဓဘာသာပုညကုသလအသင်းကြီး (BBMA)၏ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

မြန်မာပြည် ဗုဒ္ဓဘာသာပုညကုသလ အသင်းကြီး (BBMA)ကို ခရစ်နစ် ၁၉၁၅ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ၂၀၁၈ခုနှစ်တွင် ကြီးမှူးကျင်းပခဲ့သော တိပိဋကစာမေးပွဲနိကာယ်စာမေးပွဲ ၊ ဓမ္မစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲများနှင့် ယခုနှစ် ရွှေတိဂုံ စေတီယင်္ဂဏ၊ ဓမ္မစရိယ၊ ဘိဝံသ စာမေးပွဲ၊ မန္တလေးသကျသီဟ ၊ ဓမ္မစရိယ၊ ဘိဝံသ စာမေးပွဲများနှင့် သာမဏေကျော်လင်္ကာရစာမေးပွဲများကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်  စာအောင်သံဃာတော် (၆၉)ပါး ၊ စာအောင် သီလရှင် (၆)ပါး  စုစုပေါင်း (၇၅)ပါးတို့ကို ပိဋိကတ်တော်ကျမ်းစာအုပ်များနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

J-04