News

POST TYPE

LATEST NEWS POST

လုယက်ခံရစဉ် ခုခံကာ လူသတ်မှုဖြစ်ပွားခဲ့သည့်အမှုကို လွှတ်တော်ကိုယ်စားလှယ်များ ကူညီမည်
29-Feb-2020
ရန်ကုန်၊ဖေဖော်ဝါရီ -၂၅

လှိုင်သာယာမြို့နယ်တွင် လုယက်ခံရစဉ် ပြန်လည်ခုခံကာကွယ်ရင်း လူသတ်မှုဖြစ်ပွားခဲ့သည့်အမှုကို ဥပဒေနှင့်အညီ နိုင်ငံသားရပိုင်ခွင့်ရရှိနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကာ ကူညီပေးမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်ကပြောကြားသည်။

ခြိမ်းခြောက်လုယက်ခံရသောကြောင့် ပြန်လည်ခုခံကာကွယ်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ကိုမျိုးသက်လွင်ကို လှိုင်သာယာမြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ မြို့မရဲစခန်းမှူး တို့နဲ့တွေ့ဆုံပြီး ဥပဒေအရ အမှုမှန်ဖြစ်စေရန် ဆွေးနွေးခဲ့သည်။

“နိုင်ငံသားတစ်ယောက်အနေနဲ့ ခုခံပိုင်ခွင့်ရှိပါတယ်။ ဥပဒေနဲ့အညီ ဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥပဒေဘောင်အတွင်းကနေ ကူညီဆောင်ရွက်ပေးမယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ် ကပြောသည်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၁)၊ ပန်းလှိုင်ဂေါက်ကွင်းအနောက်ဘက်တွင် ဖေဖော်ဝါရီ ၁၉ ရက် ၊ ည ၇နာရီခန့်က မ-- အသက် (၂၆)နှစ် နှင့် ကိုမျိုးသက်လွင် အသက် (၃၀) နှစ်တို့ ချိန်းတွေ့နေစဉ် အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်မောင်းနှင်လာပြီး  ဖုန်း နှင့် ပိုက်ဆံများတောင်းသဖြင့် မ--အသက် (၂၆) နှစ်မှာ အော်ဟစ်အကူအညီတောင်းခဲ့ရာ အမျိုးသားတစ်ဦးက အသင့်ပါလာသည့် သံချောင်းဖြင့် ရိုက်ခဲ့သောကြောင့် ထွက်ပြေးလာခဲ့ပြီး ကိုမျိုးသက်လွင်မှာ အဆိုပါ အမျိုးသားနှစ်ဦးနှင့် လုံးထွေးသတ်ပုတ် ကျန်ရစ်ခဲ့သည်။

အခင်းဖြစ်နေရာသို့ မ-- နှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်ကြည့်ရှုရာ လုယက်သူအမျိုးသားနှစ်ဦးမှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေပြီး မျိုးသက်လွင် (၃၀)နှစ်ကို အခင်းဖြစ်ပြီး ၂ နာရီခန့်အကြာတွင် ထိုးသွင်းဒဏ်ရာများဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။

ကိုမျိုးသက်လွင်ကို လှိုင်သာယာမြို့နယ် ၊ (၁၃)ရပ်ကွက် ၊ ပင်လုံလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းတွင် (ပ)၁၂၅၂/ ၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားသည်။

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၀ ရပ်ကွက်နှင့် ကျေးစွာအုပ်စုပေါင်း ၉ အုပ်စုရှိကာ လက်ရှိစာရင်းကောက်ယူမှုအရ လူဦးရေ ၁၀ သိန်းကျော်နေထိုင်လျက်ရှိပြီး ယင်းမြို့နယ်တွင် လုယက်မှု ၊ ခိုးမှု ၊ လူသတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

S-05