News

POST TYPE

LATEST NEWS POST

သံဈေးမီးလောင်မှု ကျပ်သိန်း ၁၂၀၀ ကျော်တန်ဖိုး ဆုံးရှုံး ၊ ဝါယာရှော့ခ်ကြောင့် မီးလောင်ဟုဆို
29-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

လသာမြို့နယ်ရှိ လမ်းမတော်သံဈေး မီးလောင်းမှုကြောင့် ကျပ်သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဝါယာရှော့ခ်ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း စုံခုံဖွဲ့စစ်ဆေးရာတွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

“သံဈေးဒုတိယထပ် ဆေးဆိုင်ခန်းမှာရှိတဲ့ ဝါယာကြိုးကနေ ရှော့ခ်ဖြစ်ရာက တစ်ရှုးပုံပေါ်မီးပွားကျပြီး မီးစတင်လောင်ကျွမ်းခဲ့တယ်။ မီးလောင်မှုကြောင့် ဆိုင်ခန်း ၄၃ ခန်း မီးလောင်ခဲ့ပြီး ၁၈ ခန်းက မီးဟပ်ခဲ့တယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကျပ် ၁၂၀၆ သိန်းရှိပါတယ်” ဟု အထက်ပါ မီးသတ်အရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော လမ်းမတော်သံဈေး ဒုတိယထပ်ရှိ ဆိုင်ခန်းများမှ ပစ္စည်းများကို ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲပိုင်း၌ ပြောင်းရွှေ့သယ်ဆောင်ခွင့်ပြုခဲ့ကြောင်းနှင့် မည်သည့်ရက်၌ ဆိုင်ခန်းများကို ပြန်ဖွင့်ခွင့်ရရှိမည်ကို မသိရှိသေးကြောင်း သံဈေးတွင် ဆိုင်ခန်းဖွင့်ရောင်းချနေသည့် ဈေးသူဈေးသားများထံမှ သိရသည်။

အဆိုပါ သံဈေးမှာ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ ဈေးအပေါ်ထပ်ရှိ ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများထဲမှ ၈၅ ဦးကို မီးဘေးမှ ကယ်ဆယ်နိုင်ခဲ့ပြီး ယင်းမီးလောင်မှုကို အချိန် သုံးနာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

S-03