News

POST TYPE

LATEST NEWS POST

တောဆင်ရိုင်းလိုက်ခံရသူ အမျိုးသမီး အမောဖောက်၍ သေဆုံး
28-Feb-2020


တိုက်ကြီး၊ ဖေဖော်ဝါရီ ၂၈

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အရှေဘက် လဟာမငယ်ကျေးရွာ စမ်းမင်းတောအုပ်အတွင်း ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီ ၃၀ အချိန်တွင် တောဆင်ရိုင်းတစ်ကောင် အလိုက်ခံရ၍ အမောဖောက်ပြီး အသက် ၆၈ နှစ်အရွယ်အမျိုးသမီး သေဆုံးသွားကြောင်း ကျွဲဘုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးက ပြောသည်။

လဟာမငယ်ကျေးရွာနေ ဒေါ်နော်သောဖော ၆၈ နှစ် အပါအဝင် အမျိုးသမီး ၃ ဦးသည် အိမ်အမိုးသက္ကယ်တံများ ခုတ်ရန် စမ်းမင်းတောသို့ သွားရောက်စဉ် လမ်းကွေ့အရောက်၌ တောဆင်ရိုင်းတစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံမှုကြောင့် ထွက်ပြေးကြရာ ဒေါ်နော်သောဖောမှာ အမောဖောက်နေကြောင်း တောဆင်ရိုင်းလိုက်၍ အတူထွက်ပြေးခဲရသူ ဒေါ်စန်းနုက ပြောသည်။

တောဆင်ရိုင်းအန္တရယ်မှ လွတ်ကင်းချိန်တွင် အမောဖောက်နေသူ အမျိုးသမီးကို ဥက္ကံတိုက်နယ်ဆေးရုံးကို တင်ပို့စဉ် လမ်းတွင်သေဆုံးသွား၍ နေအိမ်သို့ပြန်လည်ယူဆောင်လာကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးက ရှင်းပြသည်။

အဆိုပါ သေဆုံးမှုကို မြိုနယ်မှူးရုံးသို့တင်ပြထားကြောင်း ဥက္ကံမြို့နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

R - 06