News

POST TYPE

LATEST NEWS POST

ထားဝယ်တွင် ဓာတုလွတ် စိုက်ပျိုးရေး စံပြဥယျာဉ် စတင်
28-Feb-2020


ထားဝယ်၊ ဖေဖော်ဝါရီ ၂၇

ထားဝယ်တွင် ဓာတုလွတ်စိုက်ပျိုးရေးစံပြဥယျာဉ် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမာန် စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

ဓာတုလွှတ် စိုက်ပျိုးရေးစံပြဥယျာဉ်တွင် ကွမ်းရွက်ပင်ကို အဓိက စိုက်ပျိုးမည်ဖြစ်ပြီး ငရုတ်၊ သခွား၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီတို့အပြင် နှစ်ရှည်ပင်နှင့် နှစ်တိုပင်များကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အထက်ပါအသင်းမှ (နည်းပညာ၊ ဆေးဝါး၊ မြေသြဇာ) ဒေသအကြံပေး ဦးအောင်ကျော်မျိုးက ပြောသည်။

“ကျွန်တော်တို့ ဓာတုလွတ် စံပြဥယျာဉ်ဆိုလုပ်လိုက်တယ်ဆိုရင် မည်သည့်တောင်သူမဆို လာပြီးတော့ လေ့လာနိုင်အောင်၊ ဒေသမှာ စားသုံးသူလူတန်းစားတစ်ရပ်လုံး ဓာတုကင်းလွတ် သီးနှံစားသုံးပြီး ကျန်းကျန်းမာမာ လူတန်းစားတစ်ရပ်ဖြစ်လာအောင် ရည်ရွယ်တယ်” ဟု ကိုအောင်ကျော်မျိုးက ဆိုသည်။

စံပြဥယျာဉ်တွင် လာရောက်လေ့လာသည့် တောင်သူများကို ဓာတုလွတ် သီးနှံစိုက်ပျိုးနည်းပညာများနှင့် သဘာဝမြေသြဇာ၊ EM ဆေးရည်၊ သဘာဝပိုးသတ်ဆေးများ ဖော်စပ်ပုံ အသုံးပြုပုံ စသည့် နည်းပညာများကိုလည်း မျှဝေပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စံပြဥယျာဉ်၏ မြေဧရိယာအကျယ်မှာ ၂ ဒသမ ၅ ဧကရှိပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်သွားလမ်းတွင် တည်ရှိသည်။

“ဆရာ့အနေနဲ့ ပြောရရင် ဒါက ကောင်းတဲ့အလုပ်ပဲပေါ့နော်၊ အစားအသောက်တွေ အတော်များများမှာ ကယ်မီကယ် (ဓာတုဆေး) တွေ တော်တော်များများပါတယ်ပေါ့နော်၊ ဖြစ်ဖြစ်မြောက်မြောက်လေးလုပ်စေချင်တယ်၊ စျေးကွက်ကို ရှာဖို့လည်းလိုတယ်၊ အစိုးရက ကူညီပံ့ပိုးပေးဖို့ပေါ့နော် အားလုံးဝိုင်းပါဖို့လိုတယ်”ဟု ထားဝယ်သုတေသနအသင်း ဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။

Dawei Watch