News

POST TYPE

LATEST NEWS POST

၂၀၂၀ တွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်အသွက်ဆုံးမြို့နယ်အဖြစ် ကမာရွတ်မြို့နယ်ကို သတ်မှတ်
28-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ယခု ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေး အချက်အချာအကျဆုံးနှင့် အရောင်းအဝယ်အသွက်ဆုံးမြို့နယ်အဖြစ် ကမာရွတ်မြို့နယ်ကို သတ်မှတ်ထားကြောင်း Colliers International Myanmar ထံမှ သိရသည်။

Colliers International Myanmar သည် မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အကြံပေးလုပ်ငန်းများအဖြစ် ၂၀၁၃ ခုနှစ်က စတင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“မြို့နယ်တွေအပေါ်မှာ စီးပွားရေး တိုးတက်နိုင်ခြေတွေကို အမှတ်ပေးထားတာတဲ့ အဆင့်တစ်ခုရှိတယ်။ အဲဒီစနစ်အရ ကမာရွတ်က အမှတ်အများဆုံးရပြီးတော့ ရုံးခန်းအဆောက်အအုံ၊ ဈေးဝယ်စင်တာ၊ ဟိုတယ်တွေ စတာတွေထည့် သွင်းစဉ်းစားတဲ့နေရာမှာ စီးပွားရေးတိုးတက်နိုင်တာ အများဆုံးရှိလို့ သတ်မှတ်တာပါ” ဟု Colliers International Myanmar မှ မန်နေဂျင်းဒါရိုက်တာ Mr. Karlo Adrian Pobre က ပြောကြားသည်။

ကမာရွတ်မြို့နယ်သည် Junction Square၊ Times City နှင့် လှည်းတန်းစင်တာ စသည့်ဈေးဝယ်စင်တာများ နိုဗိုတယ်ဟိုတယ်၊ Ventage Tower၊ M Tower စသည့် ရုံးခန်းများရှိသည့်အပြင် မြို့လယ်ကောင်နှင့် မဝေးသည့်အတွက် စီးပွားရေးအချက်အချာအကျဆုံးနှင့် အရောင်းအဝယ်အသွက်ဆုံး မြို့နယ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

လက်ရှိရန်ကုန်မြို့၏ ရုံးခန်းအဆောက် အအုံများငှားရမ်းခသည် တစ်လလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာမှ ၄၅ ဒေါ်လာကြားရှိပြီး ဈေးဝယ်ကုန်တိုက် များတွင် အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းအဓိကဝင်ရောက်လျက်ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

နိုင်ငံခြားသားများ အဓိကနေထိုင်သည့် ဝန်ဆောင်မှုများပါဝင်သည့် တိုက်ခန်းများဈေးကွက်သည် ငှားရမ်းနေထိုင် သူများဘက်က အလေးသာပြီး ယခင်ထက် ပိုသင့်တင့်သည့် ဈေးနှုန်းများဖြင့် ငှားရမ်းနိုင်မည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အရည်အသွေးမြင့်မားသည့် အခြေခံအဆောက်အဦများ ထည့်သွင်းတည်ဆောက်ထားသည့် စက်မှုဇုန်များနှင့် ဆက်စပ်အဆောက်အအုံများကို ဦးစားပေးရှာဖွေမည်ဟု ခန့်မှန်းထားကြောင်း Colliers International Myanmar ထံမှ သိရသည်။

J-03