News

POST TYPE

LATEST NEWS POST

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဦးရေ မြင့်တက်၊ ကူးစက်ရောဂါဆိုင်ရာ အဆိုးဆုံးအဆင့်အဖြစ် သတိပေးချက်ထုတ်ပြန်
28-Feb-2020

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇ 

တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၃၃၄ ဦးထိ ရှိခဲ့ရာ တစ်နိုင်ငံလုံးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၅၉၅ ဦးထိ မြင့်တက်သွားကြောင်း၊ သို့သော် သေဆုံးသူဦးရေမှာ ပြီးခဲ့သည့် ရက်ပိုင်းကအတိုင်းပင် ၁၂ ဦး ဖြစ်ကြောင်း တောင်ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (KCDCP) ၏ သတင်းထုတ်ပြန်ချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။ 

ထပ်မံကူးစက်ဖြစ်ပွားမှုများအနက် ၃၀၇ ဦးမှာ အရှေ့တောင်ပိုင်းဒေသရှိ ဒဲဂူးမြို့မှဖြစ်ကြောင်း သိရသည်။ အဆိုပါမြို့သည် တောင်ကိုရီးယားနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် အဓိကကူးစက်ဖြစ်ပွားရာ ဗဟိုချက်လည်းဖြစ်သည်။ 

KCDCP ၏ ထုတ်ပြန်ချက်အရ COVID-19 ဟုခေါ်သည့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ ဦးရေတိုးမြင့်လာသော်လည်း သေဆုံးသူဦးရေမှာ ယခင်အတိုင်းပင်ဖြစ်သည်ဟု ဆိုသည်။ 

ထိုသို့ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းကြောင့် အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲကျင်းပပြုလုပ်မည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဆိုင်းငံ့လိုက်ကြောင်း နှစ်နိုင်ငံစလုံးက ကြေညာချက်ထုတ်ပြန်သည်။ 

တောင်ကိုရီးယားအစိုးရက ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အဆိုးရွားဆုံးသော အဆင့်သတ်မှတ်ချက်ဖြင့် သတိပေးချက်ထုတ်ပြန်လိုက်ပြီးနောက် စစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းလိုက်ခြင်းလည်းဖြစ်သည်။ 

တောင်ကိုရီးယားသည် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားခဲ့သည့် နေရာဟု ယုံကြည်ရသော ဘုရားရှိခိုး ကျောင်းနှင့်ဆက်စပ်ပတ်သက်နေသူ အမြောက်အမြားကို ကျန်းမာရေးအာဏာပိုင်များက ယင်းဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးရန် စီစဉ်ခဲ့သည်။ 

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ၆၀ ရာခိုင်နှုန်းခန့်မှာ Ahincheonji Church of Jesus အမည်ရ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဆက်စပ်ပတ်သက်နေသူများဖြစ်သည်။ 

ယင်းဘုရားရှိခိုးကျောင်းသို့သွားကာ ဝတ်ပြုဆုတောင်းပွဲတက်ခဲ့သည့် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း ပထမဆုံး စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဘုရားရှိခိုးကျောင်း အကြီးအကဲဖြစ်သူ၏အဆိုအရ တောင်ကိုရီးယားအာဏာပိုင်များက ယင်းဘုရားကျောင်းသို့ လာရောက်သူအားလုံး၏ အမည်စာရင်းကို တောင်းဆိုခဲ့ကြောင်း၊ ခန့်မှန်းခြေအရ ဘုရားကျောင်းနှင့် ဆက်စပ်ပတ်သက်နေသူ ၂၁၅,၀၀၀ ဦးခန့်ရှိသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ တရုတ်နိုင်ငံတွင်း ရောဂါကူးစက် ပြန့်ပွားမှုမှာ ဇန်နဝါရီ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အကြားတွင် အမြင့်ဆုံးသောအနေအထားသို့ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ ပြန်လည်ကျဆင်းလာပြီဖြစ်သည်။

F-01