News

POST TYPE

LATEST NEWS POST

မိုင်းကိုင်တွင် တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်ပွား
27-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အနီးတွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

တပ်မတော်နှင့် RCSS လက်နက်ကိုင်အဖွဲ့တို့ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်းတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော်အနေနှင့် RCSS နယ်မြေအတွင်း ဖြတ်သန်းခွင့် တောင်းခံရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RCSS က ဆိုသည်။

အဆိုပါ မိုင်းကိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်စစ်ကြောင်းများ ရောက်ရှိနေခြင်းဖြစ်ကာ RCSS တပ်စခန်းရှိရာ လွိုင်တောင်းစခန်းကို တပ်မတော်ဘက်မှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း RCSS မှ အရာရှိတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုသည် သုံးနာရီကျော်လေးနာရီထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် တပ်မတော်ဘက်မှ လေယာဉ်ဖြတ်ပျံသန်းမှုများ ရှိခဲ့ကြောင်း ဒေသခံများက လူမှုကွန်ရက်စာမျက်နှာများတွင် ပြောကြားခဲ့ပြီး ဒေသခံများအနေနှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်မှုများရှိနေသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းရာတွင် ယင်းတိုက်ပွဲဖြစ်ပွားမှုကို မသိရှိသေးကြောင်း ၎င်းက ပြန်လည်ဖြေကြားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့လည်းဖြစ်ပြီး လက်ရှိတွင် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ရရေး အစိုးရနှင့် ဆွေးနွေးနေသည်။

၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးအတွက် လာမည့် ဧပြီမတိုင်မီ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပသွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က RCSS လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

S-04