News

POST TYPE

LATEST NEWS POST

ကားပါကင်ကြေးကောက်မည့် ဆိုင်းဘုတ်များ ပြန်လည်ဖြုတ်သိမ်း
26-Feb-2020

ဓာတ်ပုံ - Daw Kyi Pyar/ FB

ရန်ကုန်၊ ဖေဖော်ဝါရီ -၂၅

Smart car parking ဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျောက်တံတားမြို့နယ်တွင် စိုက်ထူထားခဲ့သည့် ကားပါကင်ကြေးကောက်မည့်ဆိုင်းဘုတ်များကို ပြန်လည်ဖြုတ်သိမ်းခဲ့ကြောင်း ကျောက်တံတားမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

အဆိုပါ Smart Car Parking ဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ထားသည့် ကုမ္ပဏီသုံးခု၏ နည်းပညာများကို ပိုင်လော့ ပရောဂျက်အနေဖြင့် စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ပြီး ယင်းစစ်ဆေးနေစဉ်ကာလအတွင်း ယာဉ်ရပ်နားခ ကောက်ခံမည့် ဆိုင်းဘုတ်များကို တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

“ကားပါကင်ကြေးကောက်မယ့် ဆိုင်းဘုတ်တွေနဲ့ပတ်သက်လို့ လမ်းတံတားဌာနမှူးဆီဆက်လိုက်တော့ ပြန်ဖြုတ်ခိုင်းလိုက်ပါပြီဆိုတာ အကြောင်းပြန်ပါတယ်။ Smart car parking အတွက် ဆိပ်ကမ်းသာကနေ ဗိုလ်အောင်ကျော်အထိ ရွေးထားတဲ့ ကုမ္ပဏီ ၃ ခုက တပိုင်းစီ pilot project လုပ်နေပါတယ်။ pilot ကာလ မှာ ဘာမှမကောက်သေးပါဘူး”ဟု ဒေါ်ကြည်ပြာက ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျောက်တံတားမြို့နယ်ရှိ ၃၉ လမ်းထိပ်တွင် ဆိုက်ထူထားသည့် ဆိုင်းဘုတ်တွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ယာဉ်ရပ်နားခ(နေ့) တစ်နာရီ ၃၀၀ ကျပ်နှင့် ညနေ ၆ နာရီမှ နံနက် ၈ နာရီအတွင်း ယာဉ်ရပ်နားခတစ်ည ၂၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဆိပ်ကမ်းသာလမ်းထိပ်တွင် ဆိုက်ထူထားသည့်ဆိုင်းဘုတ်တွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ယာဉ်ရပ်နားခ (နေ့) တစ်နာရီ ၅၀၀ ကျပ်နှင့် ညနေ ၆ နာရီမှ နံနက် ၈ နာရီအတွင်း ယာဉ်ရပ်နားခ တစ်ည ၂၀၀၀ ကျပ်ဖြင့်လည်းကောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မြို့တွင်းခြောက်မြို့နယ်တွင် ကားပါကင်ကြေးကောက်ခံရန် အကောင်အထည်ဖော်ပါက ည ၆ နာရီမှ မနက် ၈ နာရီအထိ ကားပါကင်ကြေး မကောက်ရန် သဘောတူဆုံးဖြတ်ထားကြောင်းနှင့် မနက် ၈ နာရီမှ ည ၆ နာရီအထိ ကားပါကင်ကြေးကိုလည်း ၂၀၀ သို့ ၃၀၀ အများဆုံးလုပ်ပေးရန် တောင်းဆိုထားကြောင်း ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

“မြို့တွင်းမှာနေထိုင်တဲ့သူတွေက ကားပါကင်ထိုးလို့ တစ်နာရီ ၃၀၀ ကျပ်ကနေ ၅၀၀ ကျပ်ဆိုရင် တစ်နေကုန်ထိုးရင် ဆီဖိုးထက်တောင် စည်ပင်ကို အခွန်ပေးနေရမယ်။ တစ်ရက်လုံးရပ်ထားရင် ကားပါကင်ကြေးနဲ့ မွဲသွားမယ်။ ဒီထက်သက်သာတဲ့စျေးနှုန်းတဲ့ကောက်ခံမှ မြို့တွင်းနေထိုင်သူတွေအတွက် ယာဉ်ရပ်နားရတာ အဆင်ပြေမယ်”ဟု လသာမြို့နယ်တွင်နေထိုင်သူ ဦးကိုကိုအောင်က ပြောသည်။

Pilot Project အနေဖြင့် ကုမ္ပဏီသုံးခုမှ နည်းပညာစစ်ဆေးခြင်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်အောင်ကျော်နှင့် ဆိပ်ကမ်းသာလမ်းကြားတွင် နှစ်ပတ်ဝန်းကျင် ဆောက်ရွက်မည်ဖြစ်ပြီး ယင်း pilot ကာလ၏အခြေအနေကိုကြည့်ပြီး အကောင်းဆုံး ဝန်ဆောင်မှုဖြစ်မည့် ကုမ္မဏီတခုကိုရွေးချယ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

Smart Parking ဆောင်ရွက်မည့်တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီးမြို့တွင်း ၆ မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်ခြောက်မြို့နယ်ရှိ လမ်းမကြီးများတွင် ကောက်ခံရန်စီစဉ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

S-05