News

POST TYPE

LATEST NEWS POST

နှစ်ပေါင်း ၃၀ ခန့်ရှိ သိမ်ကြီးစျေးလူကူးခုံးကျော်တံတားကို ဒီဇိုင်းအသစ်ဖြင့် ပြန်လည်ပြုပြင်မည်
25-Feb-2020


ရန်ကုန်၊ဖေဖော်ဝါရီ ၂၅

နှစ်ပေါင်း ၃၀ ခန့်သက်တမ်းရှိသည့် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သိမ်ကြီးစျေးလူကူးခုံးကျော်တံတားကို ဒီဇိုင်းအသစ်ဖြင့် ပြန်လည်အဆင့်မြှင့်တင်ကာ ပြုပြင်သွားမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

အဆိုပါ သိမ်ကြီးစျေးလူကူးခုံးကျော်တံတားကို ယခုလက်ရှိတွင် မြေပြင်တိုင်းတာခြင်းများပြုလုပ်လျက်ရှိပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် အဆင့်မြှင့်တင်မှုပြီးစီးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"သိမ်ကြီးစျေးလူကူးခုံးကျော်တံတားကို အဆင့်မြှင့်တင်ရာမှာ တံတားအပေါ်ကခေါင်မိုးတွေပါမယ်။ ပတ်ပတ်လည်မှာ ပန်းခြံလေးတွေပါမယ်။တံတားချဉ်းကပ်နေရာမှာလဲ ပြည်သူတွေ ထိုင်ဖို့ ထိုင်ခုံတွေလဲပါပါမယ်"ဟု ဦးသန်းနိုင်ဦးက ပြောသည်။



အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သိမ်ကြီးစျေးလူကူးခုံးကျော်တံတားကို ရွှေတောင်ကုမ္ပဏီမှ ယင်း၏ဘတ်ဂျက်ဖြင့် တာဝန်ယူကာ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

သိမ်ကြီးစျေးလူကူးခုံးကျော်တံတားမှာ ယခုလက်ရှိရိုးရိုးလှေကား ၄ စင်းသာတပ်ဆင်ထားပြီး ယင်းတံတားပြန်လည်အဆင့်မြှင့်ရာတွင် မသန်စွမ်းများအတွက်ဓာတ်လှေကားတစ်စင်းနှင့်စက်လှေကားတစ်စင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် လူကူးခုံကျော်တံတား ၂၁ ခု ရှိပြီး ယင်းလူကူးခုံးကျော်တံတားများတွင် ၆ ခုမှာ စက်လှေကားပါရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏စာရင်းများအရ သိရသည်။

S-05