News

POST TYPE

LATEST NEWS POST

နိုင်ငံတကာခရီးသည် ငါးရာခန့်ပါမည့် အပျော်စီးသင်္ဘောရောက်ချိန်စောင့်ကြပ်ကြည့်ရှုရန် ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြား
25-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန်သို့ နိုင်ငံတကာခရီးသည် ငါးရာခန့်ပါသည့်အပျော်စီးသင်္ဘောတစ်စီး မတ်လ ၄ ရက်နေ့တွင် ဆိုက်ရောက်မည်ဖြစ်ရာ အစုလိုက်ဖျားနာမှုဖြစ်ပွားပါက ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည်။

ယင်းအပျော်စီးသင်္ဘောသည် ဖူးခက်ဆိပ်ကမ်းမှ ရန်ကုန်သို့ထွက်ခွာလာကာ မတ်လ ၄ ရက်နေ့တွင် ရောက်ရှိကာ မတ်လ ၇ ရက်နေ့တွင် ထွက်ခွာမည်ဖြစ်ကာ ထပ်မံတက်ရောက်လိုက်ပါလာမည့် ခရီးသည်များအပါအဝင် ခရီးသည် ၅၀ဝ ဦး လိုက်ပါလာမည်ဖြစ်သည်။

ယင်းခရီးသည်အားလုံးကို အသေးစိတ်အချက်အလက်များနှင့် ကျန်းမာရေးကြေညာချက်ကတ် Health Declaration Card (HDC)များအား စိစစ်ကြပ်မတ်ဆောင်ရွက်ရန်နှင့် ခရီးသည်တစ်ဦး သို့မဟုတ် အစုလိုက် ဖျားနာမှုများဖြစ်ပွားပါက ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ သေချာစွာ ကြပ်မတ်ဆောင်ရွက်ရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ညွှန်ကြားခဲ့သည်။

“ခရီးသည် ဘယ်လောက်လိုက်လာမယ်ဆိုတာလောက်ပဲ ကျွန်မတို့သိရပါသေးတယ်။ အားလုံး ၅၀ဝပါ။ ကျန်တဲ့ အသေးစိတ်အချက်အလက်တွေတော့မရသေးပါဘူး” ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောဆိုသည်။

မြန်မာနိုင်ငံသို့ဝင်ရောက်ရန်ရှိသည့် အပျော်စီးသင်္ဘောများ၏ ခရီးလမ်းစဉ် (Tract record) ၊ ခန့်မှန်းခရီးသည် စာရင်း၊ နိုင်ငံတကာဆိပ်ကမ်းများတွင် တက် ၊ ဆင်း ခရီးသည် အသစ်များရှိမှုတို့အား အသေးစိတ်ရယူထားပြီး အပျော်စီးသင်္ဘောများ၌ သံသယလူနာတွေ့ရှိပါက လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆောင်ရွက်ထားသည်။

ဂျပန်ကမ်းလွန် ယိုကိုဟားမားဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် Diamond Princess သင်္ဘောပေါ်တွင် ခရီးသည်နှင့် ဝန်ထမ်း ၃၇၀ဝ ကျော်လိုက်ပါလာခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ၎င်းအပျော်စီးသင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ ၆၉၁ ဦးနှင့် သေဆုံးသူ ၃ ဦး ရှိကြောင်း နိုင်ငံတကာသတင်းများကဆိုသည်။

S-09