News

POST TYPE

LATEST NEWS POST

ကျပ်သန်း ၉၀ဝ ကျော်ကုန်ကျမည့် အမှိက်မီးရှို့စက်တည်ဆောက်ရန် လွှတ်တော်ခွင့်ပြု
25-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပိုလန်နိုင်ငံချေးငွေဖြင့် ကျပ်သန်းပေါင်း ၉၀ဝ ကျော်ကုန်ကျမည့် အမှိက်မီးရှို့စက်တည်ဆောက်ရန် လွှတ်တော်ကခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၉-၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းလျာထားချက်နှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၂၅ ရက်ကကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ကြွေးမီစာရင်းမှာ တင်ပြတောင်းခံထားတဲ့ ပိုလန်အစိုးရရဲ့ OTA ချေးငွေနဲ့ အမှိက်မီးရှို့စက်တည်ဆောက်မယ့် စီမံကိန်းအသစ်အတွက်လည်း လွှတ်တော်ကနေ ခွင့်ပြုပေးခဲ့ပါတယ်” ဟု ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပိုလန်နိုင်ငံအစိုးရထံမှ OTA  ချေးငွေဖြင့် အမှိက်မီးရှို့စက် တည်ဆောက်ရန် ငွေကျပ် ၉၀ဝ ဒသမ ၃၇၅ သန်း တောင်းခံထားကြောင်း၊ ထိုသို့တောင်းခံရာတွင် ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းထုတ်ပြန်ထားသည့် ရည်ရွယ်ချက်နှင့်ကိုက်ညီရန်လိုအပ်ပြီး ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိကာ ပြည့်စုံခိုင်မာသော အစီရင်ခံစာများကို တင်ပြနိုင်စေရန်ဟု  ဘဏ္ဍာရေးစည်းမျဉ်းတွင် ဖော်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ အမှိက်မီးရှို့စက်ချေးငွေကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြတောင်းခံထားခြင်းမရှိသလို ကုမ္ပဏီပေါင်းများစွာထဲကနေပြီးတော့ ပိုလန်နိုင်ငံရဲ့ ချေးငွေနဲ့မှ ဘာကြောင့်တောင်းခံရတယ်ဆိုတာကိုလည်း လွှတ်တော်ကိုရှင်းလင်းတင်ပြခဲ့ခြင်း မရှိပါဘူး။ အမှိက်မီးရှို့စက် အကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေ သိရှိစေဖို့ လွှတ်တော်ကို တင်ပြခဲ့ခြင်းလည်း မရှိခဲ့ပါဘူး” ဟု ဒေါ်စန္ဒာမင်းက ထောက်ပြပြောဆိုသည်။

ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအရ ဘဏ္ဍာငွေတောင်းခံတင်ပြချက်များသည် သတ်မှတ်ထားသော စည်းမျဉ်းဥပဒေအရလည်းကောင်း၊ အခြေအနေအချိန်အခါ အရလည်းကောင်း ခွင့်ပြုပေးသင့်သည့်ကိစ္စရပ်များ ရှိသကဲ့သို့ ဘဏ္ဍာရေးစည်းမျဉ်းနှင့်လွဲချော်နေသည့် ကိစ္စရပ်များကို မဖြစ်မနေဖြတ်တောက်ထားကြောင်း၊ ထိုကဲ့သို့ စိစစ်ဖြတ်တောက်ရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းများတွင် မူလခွင့်ပြုငွေဖြင့် မလုံလောက်သည့် ကိစ္စရပ်များကိုလည်း ဖြတ်တောက်ခြင်းမရှိဘဲ ခွင့်ပြုပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။ 

S-08