News

POST TYPE

LATEST NEWS POST

ချင်းပြည်နယ်လိုင်စင်ဖြင့် မော်ဒယ်လ်နိမ့်ကားများ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုရန် တင်ပြ
25-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးမြှင့်တင်နိုင်ရန် ချင်းပြည်နယ် လိုင်စင်ဖြင့် လမ်းကြမ်းသုံးကားများဖြစ်သည့် မော်ဒယ်လ်နိမ့်ကားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ချင်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ချင်းပြည်နယ်ရှိ လမ်းများသည် ဇိမ်ခံကားငယ်များဖြင့် သွားလာ၍မရဘဲ Station Wagon ကားလတ်များနှင့်သာ သွားလာ၍ရပြီး လက်ရှိမြန်မာနိုင်ငံတွင် မော်ဒယ်လ်နိမ့်ကားများ တင်သွင်းခွင့် ပိတ်ပင်ထားကာ မော်ဒယ်လ်မြင့်ကားများသာ တင်သွင်းခွင့်ပြုထားကြောင်း၊ ထို့ကြောင့် ကားဈေးများမြင့်တက်ကာ ခရီးသွားလာရေးလုပ်ငန်းရှင်များ ကားဝယ်ယူနိုင်ခြင်းမရှိတော့ကြောင်း ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးကပ်ခင်းပေါင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ် သည့် နိုင်ငံတော်ဒုတိယသမ္မတ ၁ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ၃၂ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲတွင် ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကပ်ခင်းပေါင်က တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အစိုးရအားပေးမှုကြောင့် ချင်းပြည်နယ်တွင် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများဖွံ့ ဖြိုးရန် အလားအလာများ ရှိလာသော်လည်း ချင်းပြည်နယ်တွင် မြေပိုင်ဆိုင်ခွင့်ကို အစိုးရပိုင်းက လျင်မြန်စွာ မထုတ်ပေးနိုင်သောကြောင့် ချေးငွေ ချေးရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အခက်အခဲများ ကြုံတွေ့နေရကြောင်း ယင်းအသင်းထံမှ သိရသည်။

ထို့ကြောင့် SME လုပ်ငန်းရှင်များ ချေးငွေရရှိနိုင်ရန် မြေယာပိုင်ဆိုင်မှုကို အစိုးရကစီမံချက်ချ၍ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ထည့်သွင်းတင်ပြထားကြောင်း ချင်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

S-07